တရုတ် တည်ဆောက်သည့် ရွှေလီ(၁) ရေအားလျှပ်စစ်စက်ရုံက မြန်မာမှ ၀ယ်ယူနေသည့် ဓာတ်အားခဈေးနှုန်းကို ယခင်ထက် တစ်ယူနစ် ၁၀ ကျပ် ၀န်းကျင်အထိ ထပ်မံတိုးတောင်း

ပို့စ်တင်ချိန် - 4/27/2014 10:18:00 AM



တရုတ်နိုင်ငံ YUPD ကုမ္ပဏီလီမိတက်သို့ တည်ဆောက်လုပ်ကိုင်ခွင့်ပြုခဲ့သော ရွှေလီ(၁)ရေအားလျှပ်စစ်စီမံကိန်းသည် မြန်မာမှ ၀ယ်ယူနေသည့် လျှပ်စစ်ဓာတ်အားများအပေါ် ယခင်ကထက် တစ်ယူနစ်လျှင် ၁၀ ကျပ်ဝန်းကျင်အထိ ထပ်မံတိုးတောင်းထားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အသိုင်းအ၀ိုင်းမှ သိရသည်။

ရွှေလီ(၁) ရေအားလျှပ်စစ်စီမံကိန်း၊ ရွှေလီ(၁)ရေအားလျှပ်စစ်ကုမ္ပဏီလီမိတက်ထံမှ မြန်မာနိုင်ငံအနေဖြင့် ဓာတ်အားများ ၀ယ်ယူရာတွင် တစ်ယူနစ်လျှင် ယခင်က ၀ ဒသမ ၁၈၉ ယွမ်(ယခု ငွေလဲနှုန်းဖြင့်ဆိုပါက ၃၀ ကျပ်ဝန်းကျင်၊ ၂၀၁၂ ငွေလဲနှုန်းဖြင့်ဆိုပါက ၂၇ ကျပ်ဝန်းကျင်) ဖြင့် ၀ယ်ယူခြင်းဖြစ်သည်။

ယခုအခါ ရွှေလီ(၁)ရေအားလျှပ်စစ် ကုမ္ပဏီလီမိတက်က မြန်မာနိုင်ငံမှ ၀ယ်ယူသည့် လျှပ်စစ်ဓာတ်အားခအပေါ် တစ်ယူနစ်လျှင် နွေရာသီဆိုပါက ၀ ဒသမ ၂၄၁ ယွမ်(မြန်မာကျပ်ငွေ ၃၉ ကျပ် ကျော်အထိကျသင့်)အထိ တိုးတောင်းလာခြင်း ဖြစ်သည်။

ထို့အတွက် ယခင် ဓာတ်အားခနှုန်းထားထက် ၂၈ ရာခိုင်နှုန်း ပိုမိုတောင်းခံခဲ့ခြင်းဖြစ်ပြီး မြန်မာကျပ်ငွေဖြင့်ဆိုပါက ယခင်က ထက် ၁၀ ကျပ်ဝန်းကျင်အထိ တိုးတောင်းခြင်းဖြစ်သည်။

ရွှေလီ(၁) ရေအားလျှပ်စစ်ကုမ္ပဏီလီမိတက်သည် မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်းသို့ ဓာတ်အားရောင်းချသည့်အပြင် တရုတ်နိုင်ငံ China Southern Power Grid Yunan International Co.,Ltd သို့လည်း စာချုပ်ချုပ်ဆို၍ ရောင်းချလျက်ရှိသည်။

မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းနှင့် ရွှေလီရေအားလျှပ်စစ်ကုမ္ပဏီလီမိတက်တို့ အကြား ချုပ်ဆိုထားသည့် စာချုပ်တွင်“ရွှေလီ ရေအားလျှပ်စစ်ကုမ္ပဏီထံမှ China Southern Power Grid Yunan International Co.,Ltd သို့ ရောင်းချသည့် ဓာတ်အားရောင်းဝယ်မှုဈေးနှုန်းကို ပြင်ဆင်ပါက မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းက ၀ယ်ယူသော ဓာတ်အားရောင်းဝယ်မှုဈေးနှုန်းကို ပြင်ဆင်ရမည်” ဟူသော အချက်ကို ထည့်သွင်းချုပ်ဆိုထားကြောင်း သိရသည်။

ရွှေလီရေအားလျှပ်စစ်ကုမ္ပဏီလီမိတက် ထံမှ China Southern Power Grid Yunan International Co.,Ltd က ၀ယ်ယူသော ဓာတ်အား နှုန်းကို ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်း ကတည်းက ပြင်ဆင်လိုက်သည့်အတွက် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ ၀ယ်ယူနေသည့် ဓာတ်အားခကိုလည်း ပြင်ဆင် သတ်မှတ်ရမည်ဖြစ်ကြောင်း သိရသည်။

တိုးမြှင့်ပေးရမည့် ဓာတ်အားခအပေါ် ညှိနှိုင်းချက်အရ နွေကာလဖြစ်သော ဇန်န၀ါရီလမှ ဧပြီလအထိ ၄ လနှင့် ဒီဇင်ဘာလ တစ်လတွင် ဓာတ်အားခ တစ်ယူနစ်လျှင် ၀ ဒသ မ ၂၄၁ ယွမ်(ကျပ်ငွေ ၃၉ ကျပ် ကျော်)ဖြင့် တိုးမြှင့် ၀ယ်ယူရမည်ဖြစ်ပြီး အခြားကာလများတွင်လည်း အခြားဈေးနှုန်းများအလိုက် ၀ယ်ယူရမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

ရွှေလီရေအားလျှပ်စစ်ကုမ္ပဏီမှ China Southern Power Grid Yunan International Co.,Ltd သို့ ရောင်းချသည့် ဈေးပြောင်းသည့်အတွက် မြန်မာနိုင်ငံဘက်သို့ ဈေးတိုးတောင်းခြင်းဖြစ်ရာ China Southern Power Grid Yunan International Co.,Ltd သို့ ရောင်းချသည့် ဈေးပြင်ဆင်တိုင်း မြန်မာဘက်မှ ဈေးကိုလည်း နှစ်စဉ်လိုက်ပါ ပြင်ဆင်ပေးရမည့် အခြေအနေဖြစ်နေသည်။

ရွှေလီ(၁) ရေအားလျှပ်စစ်စီမံကိန်းကို တရုတ်နိုင်ငံမှ Yunnan Power Develop- ment Co.,Ltd (YUPD) သို့ လုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါစီမံကိန်း၏ စက်တပ်ဆင်အားသည် မဂ္ဂါဝပ် ၆၀၀ ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် အဆိုပါစက်တပ်ဆင်အား ၆၀၀ မဂ္ဂါဝပ်၏ မဂ္ဂါဝပ်၏ ၁၅ ရာခိုင်နှုန်းဖြစ်သော ၉၀ ရာခိုင်နှုန်းမှာ အခမဲ့ သုံးစွဲခွင့်ရရှိကြောင်း၊ ၆၀၀ မဂ္ဂါဝပ်၏ ၅၀ ရာခိုင်နှုန်း ၃၀၀ မဂ္ဂါဝပ်မှာ မြန်မာနိုင်ငံက သုံးစွဲနိုင်သော ပမာဏအဖြစ် သတ်မှတ်ထားကြောင်း၊ ထို့အတွက် အခမဲ့ရသော ၉၀ ပြင်ပရှိ မဂ္ဂါဝပ် ၂၁၀ ကိုမူ လိုအပ်သလို ပြန်လည် ၀ယ်ယူသုံးစွဲရကြောင်း သိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီးက လွှတ်တော်တွင် ပြောကြားမှုများအရ ရေအားလျှပ်စစ် တစ်ယူနစ် ထုတ်လုပ်ကုန်ကျ စရိတ်များ ၂၀ ကျပ်ဖြစ်ပြီး ယခု တရုတ်ကုမ္ပဏီသို့ လုပ်ကိုင်ခွင့်ပြုထားသည့် ရွှေလီရေအားလျှပ်စစ်ကုမ္ပဏီသို့ ဈေးထပ်တိုးပေးရမည့် တစ်ယူနစ်နှုန်းမှာ ၃၉ ကျပ် ကျော်ဖြစ်သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် တစ်ယူနစ် ၂၀ ကျပ်သာ ကုန်ကျသည်ဟုဆိုသော်လည်း ရွှေစွမ်းအင်(အေးရှားဝေါလ်) ကုမ္ပဏီသို့ လုပ်ကိုင်ခွင့်ပေးခဲ့သော သောက်ရေခပ်(၂)ရေအားလျှပ်စစ်စီမံကိန်းမှ ဓာတ်အား ပြန်လည်ဝယ်ယူ သုံးစွဲရာတွင်လည်း တစ်ယူနစ် ၇၀ ကျပ်အထိ ပေးဝယ်ရန် စီစဉ်ခဲ့သည်။

ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း မှာ တစ်ယူနစ် ၂၀ ကျပ် ကုန်ကျသည်ဆိုသော်လည်း ၂၀၀၆ ဇန်န၀ါရီလ ၅ ရက်နေ့တွင် အိမ်သုံးအတွက် တစ်ယူနစ် ၂၅ ကျပ်၊ စီးပွားရေးသုံးအား တစ်ယူနစ် ၅၀ကျပ် တိုးမြှင့်၍ လည်းကောင်း၊ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစ၍ အိမ်သုံးအတွက် တစ်ယူနစ် ၃၅ ကျပ်၊ စီးပွားရေးလုပ်ငန်းသုံးအတွက် တစ်ယူနစ် ၇၅ ကျပ်သို့လည်းကောင်း တိုးမြှင့်ခဲ့သည်။

ထိုသို့တိုးမြှင့်သည်တိုင် ရှုံးသည်ဟုဆိုကာ ယခု ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစကာ ထပ်မံ၍ တိုးမြှင့်လိုက်သည့်အတွက် ယခုလကုန်မှစကာ အများပြည်သူအနေဖြင့် တိုးမြှင့်ထားသည့် နှုန်းများအတိုင်း ပေးဆောင်ရတော့မည်ဖြစ်သည်။

ထိုသို့ နိုင်ငံအတွင်း ပြည်သူများအပေါ် တိုးမြှင့်ကောက်ခံသည့်အတွက် တစ်ဖက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့်ရရှိသော တရုတ်ကုမ္ပဏီနှင့် ပြည်တွင်းရှိ အထူးအခွင့်အရေးရသူများ၏ ကုမ္ပဏီများကလည်း ထပ်မံ၍ ဈေးတိုးတောင်းရန် အခွင့်အရေးကောင်းလျှက် ရှိသည်။

Eleven Media Group