ပုသိမ် ခလရ ၃၈ တပ်ပိုင်မြေအတွင်း ကျူးကျော်သည်ဟုဆိုကာ အငြိမ်းစား တပ်မိသားစုများအား ပုဒ်မ ၄၄၇ ဖြင့် တရားစွဲ

ပို့စ်တင်ချိန် - 4/06/2014 09:07:00 PM



(ကျူးကျော်သည်ဟုဆိုကာ ဖယ်ရှားခိုင်းသည့် မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်ဖြတ်ခဲ့ရသော စစ်သည်တစ်ဦး၏နေအိမ်အား တွေ့ရစဉ်)

ပုသိမ်မြို့နယ် ဇင်ပြွန်းကုန်းကျေးရွာအုပ်စု ရွာသစ်ကုန်းရွာတွင်နေထိုင်သည့် အငြိမ်းစား တပ်မိသားစု(၅)စုနှင့် လက်ရှိတပ်မတော်တွင် တာဝန်ထမ်းဆောင်ဆဲ မိသားစု(၁)စု အား အမှတ် ၃၈ ခြေလျင်တပ်ရင်းပိုင်မြေ အတွင်း ကျူးကျော်နေထိုင်သည်ဟုဆိုကာ ပုဒ်မ ၄၄၇ ဖြင့် အမှုဖွင့်တရားစွဲထားကြောင်း သိရသည်။
“အဘွားက ဒီမြေမှာမွေးပြီး ဒီမြေမှာပဲ ကြီးခဲ့တာပါ။ အဘွားခင်ပွန်း ရှိတုန်းကတော့ စိုက်ပျိုးစားသောက်ခဲ့တယ်။ နောက် အမျိုးတွေကို လုပ်ကိုင်ခိုင်းတယ်။ ခုတော့ ရောင်းသင့်တာရောင်းပြီး ကျန်တဲ့မြေလေးမှာ စိုက်ပျိုးစားနေတာ ခုတပ်ပိုင်မြေဆိုပြီးသိမ်းတော့ နေစရာတောင် နေရာမရှိတော့ဘူး။ စိုက်ပျိုးတုန်းကလည်း မြေစာရင်းမှာ ဥယာဉ်မြေအဖြစ် အခွန်ဆောင်ပြီး စိုက်ပျိုးခဲ့တာပါ။ တစ်ရွာလုံးကလည်း ဥယာဉ်မြေပါပဲ” ဟု ကွယ်လွန်သူ အငြိမ်းစား စစ်မှုထမ်းဟောင်း၏ဇနီးဖြစ်သူ အသက် ၈၅ နှစ်အရွယ်ရှိ ဒေါ်အေးသွဲ့က ပြောကြားသည်။


၂၀၁၃ ခုနှစ် ဒီဇင်ဘာလလယ်ခန့်မှ စတင်၍ အဆိုပါမြေနေရာများအား ၃၈ တပ်ပိုင်မြေများဟုဆိုကာ ဖယ်ရှားခိုင်းခဲ့ခြင်းဖြစ်ပြီး၊ ယင်းမြေယာများပေါ်တွင် တပ်ပိုင်မြေဆိုသည့် ကျောက်စာတိုင်များအား လာရောက်စိုက်ထူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ရွာသစ်ကုန်းကျေးရွာသည် အမှတ် ၃၈ ခြေမြန်တပ်ရင်း၏ ရှေ့ကားလမ်းတစ်ဘက်တွင်ရှိပြီး၊ ကျေးရွာတွင် အိမ်ခြေ ၁၈၀ ခန့်ရှိရာမှ တပ်ပိုင်မြေအတွင်း ကျရောက်နေသည်ဆိုသည့် နေအိမ်သုံးလုံးနှင့် ဥယျာဉ်သုံးခု အတွင်းရှိ ခြံမြေအချို့နှင့် လယ်မြေများအား ကျူးကျော်သည်ဟုဆိုကာ ဖယ်ရှားခိုင်းခဲ့ခြင်း ဖြစ်သည်။
ဖယ်ရှားဖျက်သိမ်းခံရသည့် အားလုံးသည် ယခင်တပ်မတော်တွင် တာဝန်ထမ်းဆောင်၍ အငြိမ်းစားယူခဲ့သူများ၊ ရှေ့တန်းတွင် တာဝန်ထမ်းဆောင်၍ တိုက်ပွဲကျခဲ့သူများ၏ မိသားစုများ၊ ရှေ့တန်းတွင် မိုင်းကြောင့် ခြေတစ်ဖက် ဆုံးရှုံးခဲ့သူ၏မိသားစုများနှင့် လက်ရှိတပ်မတော်တွင် တာဝန်ထမ်းဆောင်ဆဲ စစ်သည်မိသားစုများ ပါဝင်သည်။

“ကျန်ခဲ့တဲ့လ ၃၁ ရက်နေ့ နေလယ်ပိုင်း အမှတ် ၃၈ တပ်က အင်အားသုံးပြီး အိမ်တွေကို ဖျက်ဖို့လာတာပါ၊ သံတူရွင်းတွေ၊ ရဲတင်းတွေ၊ ဓားတွေ၊ လွှတွေ၊ အစုံနဲ့လာတာ အိမ်တွေကို စဖျက်နေတုန်း ဘာကြောင့်လဲ မသိဘူး၊ မဖျက်တော့ဘဲ သူတို့စိုက်ထားတဲ့ ကျောက်တိုင်တွေကို တစ်တိုင်နဲ့တစ်တိုင် ကြိုးတွေဆွဲပြီး ပြန်သွားတယ်၊ ကျွန်တော်တို့အိမ်တွေကို ဖျက်တာနဲ့ပတ်သက်ပြီး ရဲစခန်းမှာ အမှုသွားဖွင့်တယ်။ ရဲက မှတ်တမ်းပဲ ယူတားတယ် အမှုဖွင့်မပေးဘူး” ဟု ပုဒ်မ ၄၄၇ ဖြင့် တရားစွဲခံထားရသူ တပ်ကြပ် သိန်းလှအောင်က ပြောပြသည်။

“ကျွန်တော်တို့မှာ ဖျက်ရမယ်ဆိုရင် နေစရာလည်း မရှိပါဘူး။ ၀ယ်စရာလည်း ပိုက်ဆံမရှိပါဘူး။ ကျွန်တော်တို့ကို ဒုဗိုလ်မှူးကြီး သက်ထွန်းက ခေါ်တွေ့တုန်းက ပြောလိုက်တယ်။ ရှေ့နေငှားတိုင်ရင် ရှေ့နေကို စစ်တပ်အမိန့်နဲ့ ထောင်ချမယ်။ ယခုအစိုးရက စစ်တပ်၊ စစ်တပ်ကလည်း အစိုးရ၊ အုတ်နံရံကို ခေါင်းနဲ့တိုက်ရင် နင်တို့ပဲခေါင်းကွဲမယ်။ ငါ့ နာမည်သက်ထွန်း စမ်းကြည့်လို့ပြောလိုက်တယ်။ ကျွန်မတို့လည်း ကြောက်လို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းဆီကို တိုင်ကြားစာတွေ ပို့ထားတယ်” ဟု ကွယ်လွန်သူ စစ်မှုထမ်းဟောင်းတစ်ဦး၏ ဇနီးက ပြောကြားသည်။

အဆိုပါ မိသားစုခြောက်ဦးအနက် ငါးဦးအား ပုသိမ်မြို့အမှတ်(၂) ရဲစခန်းတွင် ခလရ ၃၈ မှ တပ်ထောက်ဗိုလ်ကြီး ဘော်နီစိုး က တရားလိုလုပ်ကာ အမှတ်(၂) ရဲစခန်းမှ (ပ) ၅၃/၂၀၁၄၊ ပုဒ်မ ၄၄၇ ပိုင်နက်ကျူးကျော်မှုဖြင့် ဧပြီ ၃ ရက်က တရားစွဲဆိုထားပြီး အမှုစစ်အရာရှိ ဒုရဲအုပ် သိန်းမင်းဦးက တရားစွဲဆိုခံထားရသူများအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။


Eleven Media Group