စစ်တွေ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ပဋိပက္ခတွင် ပါဝင်သူများကို မဖော်ထုတ်

ပို့စ်တင်ချိန် - 4/10/2014 05:56:00 PM



စစ်တွေ ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက စစ်တွေ ပဋိပက္ခ စုံစမ်းစစ်ဆေးရရှိမှုများနှင့် ပတ်သက်၍ ၂၀၁၄ခုနှစ် ဧပြီလ ၉ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် သတင်းထောက်များကို ရှင်းလင်းပြောကြားနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)


စစ်တွေ၌ ဖြစ်ပွားခဲ့သည့် ကုလသမဂ္ဂ အဖွဲ့အစည်းများ အပါအ၀င် နိုင်ငံတကာ ကူညီရေးအဖွဲ့များ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ သမ္မတက ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးကော်မရှင်က အစီရင်ခံစာ ထုတ်ပြန်ရာတွင် နောက်ဆက်တွဲဆိုးကျိုးများကို ကြိုတင်ရှောင်ရှားပြီး တိုက်ခိုက်မှုတွင် အမှန်တကယ်ပါဝင် ခဲ့သူများကို မဖော်ထုတ်ဘဲ ထုတ်ပြန်ထားသည်ကို မဇ္ဈိမက လေ့လာတွေ့ရှိရသည်။

ဧပြီ ၉ ရက် ရက်စွဲဖြင့် နိုင်ငံပိုင် သတင်းများမှတစ်ဆင့် ထုတ်ပြန်ခဲ့သည့် စစ်တွေ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ထုတ်ပြန်ချက်တွင် “လူစုလူဝေးဖြင့် အဓမ္မဖျက်ဆီးခဲ့ရာတွင် ပါဝင်ကျူးလွန်သူများ” နှင့် “အမှန်မကန် သတင်းဖြန့်၍ စည်းရုံးလှုံ့ဆော်သူများ” ကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု ဆိုသော်လည်း ထိုသူများ မည်သူမည်ဝါဖြစ်သည်၊ မည်သို့အရေးယူမည်ကိုမူ ထည့်သွင်း အစီရင်ခံထားခြင်း မရှိပေ။

သို့သော် စစ်တွေပဋိပက္ခဖြစ်စဉ်တွင် ရည်ရွယ်ချက်ဖြင့် ဦးဆောင်လှုပ်ရှားသည့် အဖွဲ့ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးဟု စစ်တွေစုံစမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မောင်မောင်အုန်းက ၀န်ခံပြောဆိုသည်။ ပဋိပက္ခကို လုံခြုံရေးရဲများက သေနတ်ဖောက် လူစုခွဲခဲ့ရာတွင် မငြိမ်းမ ဟူသည့် အသက် ၁၃ နှစ်အရွယ် ကလေးငယ် တစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့သည်ကိုလည်း ထည့်သွင်း ဖော်ပြမထားသည်ကို တွေ့ရှိရသည်။

မတ် ၂၆ နှင့် ၂၇ ရက်က ဖြစ်ပွားခဲ့ သည့် ပဋိပက်္ခများအတွက် ဖွဲ့စည်းခဲ့သည့် “စစ်တွေ စုံစမ်းရေးကော်မ ရှင်” သည် တတိယအကြိမ်မြောက် ဖွဲ့စည်းခဲ့သည့် ကော်မရှင်ဖြစ်သည်။ ကော်မရှင်သည် စစ်တွေ ပဋိ ပက္ခတွင် ပါဝင်ပတ်သက်သူများ ကိုမူ ဥပဒေနှင့်အညီထိရောက်စွာ အရေးဆောင်ရွက်သွားမည်ဟု ထုတ် ပြန်သည်။

သို့သော် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပေါ်ခဲ့သည့် ရမ်းဗြဲမြို့နယ်မှ မသီတာထွေး ဖြစ်စဉ်နှင့် ပတ်သက်၍လည်း

နောက်ကွယ်တွင် အဖွဲ့အစည်းနှင့် လှုံ့ဆော်သူများ ရှိသည်ဟု အစိုးရက ဆိုသော်လည်း နှစ်နှစ်နီးပါ ကြာမြင့်ချိန်အထိ ထိုနောက်ကွယ်တွင် ရှိနေသည်ဆိုသူများကို ဖော်ထုတ် အရေးယူနိုင်ခြင်း မရှိသေးပေ။

မတ်လ ၂၈ ရက်တွင် “စစ်တွေ စုံစမ်းရေးကော်မရှင်”ကို သမ္မတက ဖွဲ့စည်းခဲ့ပြီး ဗိုလ်ချုပ်မောင်မောင်အုန်းနှင့်အဖွဲ့ စစ်တွေသို့ ရောက်ရှိလာပြီးနောက် သုံးရက်အကြာ ဧပြီ ၁ ရက် နံနက်(မတ် ၃၁ ရက် ည သန်း ခေါင်) ၁၂ နာရီကျော်တွင် ဓည၀တီနှင့် မန်ကျည်းမြိုင်ရပ်ကွက်တို့မှ ရခိုင်လူမျိုး ၁၂ ဦးကို ပြည်နယ် ရဲတပ်ဖွဲ့က တိုက်ဆိုင်စွာပင် ဖမ်းဆီးခဲ့သည်။ သို့သော် ယင်းအထဲတွင် အသက် ၇၀ ကျော်အရွယ် အဖွားအို တစ်ဦး ပါဝင်နေရာ ပြန်လွှတ်ပေးခဲ့ရသည်။

မတ် ၂၆ နှင့် ၂၇ ရက်တွင် ယူအင်န် အပါအ၀င် နိုင်ငံတကာရုံးများ ဖျက်ဆီးခံ ရပြီး ရခိုင်ပြည်နယ်အတွင်းမှ ထွက်ခွာသွား ခဲ့ရကာ ၂၉ ရက်တွင် ၀န်ကြီးဦးခင်ရီရောက် ရှိလာပြီး ၃၀ ရက် နံနက်တွင် ရခိုင်ပြည်နယ် တွင် သန်းခေါင်စာရင်းကောက်ခံရာတွင် ရိုဟင်ဂျာဟု လက်မခံဟု ထုတ်ပြန်ကြေညာခဲ့သည့် ဖြစ်စဉ်များ သည် တစ်ပတ်အတွင်း စဉ်ဆက်ဖြစ်ပွားခဲ့သည်။

သန်းကောင်စာရင်း ကောက်ယူမှုသည် ဧပြီ ၁၀ ရက်တွင် ပြီးဆုံးမည်ဖြစ်ရာသင်္ကြန်ရုံးပိတ်ရက်များအပြီး ဧပြီ ၂၁ ရက်တွင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ ရခိုင်ပြည်နယ်အတွင်း ပြန်လည် ကူညီပေး နိုင်မည်ဟု ရခိုင်ပြည်နယ် အစိုးရ ပြန်ကြားရေးအဖွဲ့ဝင် ဦးဝင်းမြိုင်က ပြောဆိုခဲ့သည်။

စစ်တွေတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင်လည်း မတ် ၂၆ ရက် ညက Malteser အင်န်ဂျီအိုမှ နိုင်ငံခြားသူ အမျိုးသမီးကြောင့် စတင်ခဲ့သည့် ပဋိပက္ခသည် ၂၇ ရက်တွင် လည်း ထပ်မံဖြစ်ပွားခဲ့သည်ကို တွေ့ရပြီး စတင်ဖြစ်ပွားခဲ့သည့်နေ့တွင် အစိုးရက ဒေသငြိမ်းချမ်းအောင် မဆောင်ရွက်နိုင် ခဲ့သည်ကို တွေ့ရသည်။

စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက “လုံခြုံရေးအင်အားနည်းတယ် ဆိုတာထက် ပြဿနာဖြစ်ဖြစ်ချင်းမှာ အသုံး မပြုခဲ့တာဆိုရင် ပိုမှန်ပါလိမ့်မယ်။ လှုံ့ဆော်တဲ့အဖွဲ့တစ်ဖွဲ့ ရှိတာတော့ အသေအချာပါပဲ။ သုံးဘီးဆိုက် ကယ်နဲ့ အော်ဟစ်ပြီးကို ရုံးခန်းတွေ ဖြိုသွားတာပါ”ဟု မဇ္ဈိမကိုပြောသည်။

စစ်တွေ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ထုတ်ပြန်ချက်တွင်လည်း “အချိန်တိုအတွင်း ထိရောက်သော ကာကွယ်မှုများ မပေးနိုင်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့”ဟု ထုတ်ပြန်ထားသည်။ ပဋိပက္ခ စတင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံခြားသူနှင့် ပတ်သက်၍မူ “သာသနာ့အလံကို မဖွယ်မရာ ပြုလုပ်လိုသော စိတ်ဆန္ဒ အလျှင်းမရှိကြောင်း ပေါ်ပေါက်သည်”ဟု ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်းမှ ထွက်ခွာခဲ့ရသော နိုင်ငံတကာ အဖွဲ့အစည်းများကို အကူအညီပေးရေး လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရန် ဗိုလ်ချုပ်မောင်မောင်အုန်း ဦးဆောင်သောအဖွဲ့က ဧပြီ ၁၀ ရက်တွင် ရခိုင်ပြည် နယ်သို့သွားရောက်၍ ဒေသခံများနှင့် ညှိနှိုင်းမှုများပြုလုပ်မည်ဟုဆိုသည်။

မဇ္ဈိမ

Mizzima - News in Burmese