သူငယ်ချင်းနှင့်အတူကျူးလွန်ခဲ့သော မုဒိန်းမှုကို လိဒ်လူငယ်ကစားသမားက ဗွီဒီယိုရိုက်၍ပင် မှတ်တမ်းတင်ခဲ့ဟုဆို

ပို့စ်တင်ချိန် - 4/24/2014 07:45:00 AM


ဝေဘုန်းလူ

ဟိုတယ်တစ်ခုတွင်သူငယ်ချင်းနှင့်အတူ မုဒိမ်းမှုကျူးလွန်ခဲ့သည်ဟု စွဲချက်တင်ခံထားရသည့် လိဒ်အသင်းလူငယ်ကစားသမား ဆိုင်မွန်လန်နစ်ဟမ်သည် ယင်းကျူးလွန်မှုအား ဖုန်းကင်မရာဖြင့် ဗွီဒီယိုရိုက်၍ပင်မှတ်တမ်းတင်ခဲ့ကြောင်း အမှုကိုစစ်ဆေးနေသည့်တရားရုံးမှ တရားသူကြီးတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့သည်။

အသက် ၁၉ နှစ်အရွယ်ရှိ ဆိုင်မွန်သည် အဆိုပါပြစ်မှုကို သူငယ်ချင်းဖြစ်သူ နသန်ကမ်းဘဲလ်နှင့်အတူ ၂၀၁၂ သြဂုတ်လက လိဒ်မြို့ရှိ အီတက်ဟိုတယ်တွင်ကျူးလွန်ခဲ့သည်ဟု စွဲချက်တင်ခြင်းခံထားရသူဖြစ်သည်။

တရားလို အမျိုးသမီးမှာ နံနက်ပိုင်းအိပ်ယာနိုးလာချိန်တွင် သူမမည်သည့်နေရာသို့ မည်သို့မည်ပုံရောက်ရှိနေကြောင်း မစဉ်းစားတတ်ခဲ့ဘဲ အ၀တ်မဲ့အနေအထားဖြင့်နိုးထလာခဲ့ခြင်းဖြစ်ကြောင်း တရားလိုရှေ့နေက တရားရုံးတွင်ထွက်ဆိုထားသည်။

ကမ်းဘဲလ်၏မိုဘိုင်းဖုန်းမှ ဗွီဒီယိုဖိုင်တွင်ပါရှိသော ယင်းအမျိုးသမီးမှာ အိပ်ယာနိုးလာချိန်တွင်သူမ၏ လက်ကိုင်ဖုန်းနှင့်အတူ ပိုက်ဆံများပါပျောက်ဆုံးနေ၍ ရဲထံအကြောင်းကြားခဲ့သည်။ တရားလိုဘက်မှရှေ့နေ အင်ဒရူးဟာဆလန်က “ နသန်ကမ်းဘဲလ်နဲ့ဆိုင်မွန်တို့ဟာ ပြစ်မှုကျူးလွန်ခဲ့ကြသူတွေပါ။ တရားခံတွေဘယ်လို ပြစ်မှုကျူးလွန်ခဲ့ကြတယ်ဆိုတဲ့ အထောက်အထားတွေလည်း ရှိပါတယ်” ဟု ပြောကြားခဲ့သည်။ ၎င်းကဆက် လက်၍ တရားခံနှစ်ဦးမှာ အမျိုးသမီးကို ဖုန်းဖြင့်ဗွီဒီယိုရိုက်ကူးရာတွင် ၎င်းတို့ပါမပါစေရန်အတွက် ရှောင်ရှားကြရင်း ကျယ်လောင်စွာရယ်မောခဲ့သည်ကို ဗွီဒီယိုဖိုင်တွင်ပါရှိကြောင်းပြောကြားခဲ့သည်။ ဆိုင်မွန်နှင့် အသက် ၂၄ နှစ်အရွယ်ရှိ ကမ်းဘဲလ်တို့မှာ ပြဿနာဖြစ်ပွားသည့်ညမှ အရက်ဘားတစ်ခုတွင် ပထမဆုံးဆုံတွေ့ခဲ့ကြခြင်း ဖြစ်ကြောင်းလည်း အင်ဒရူးက ပြောကြားခဲ့သည်။

ပြစ်မှုကျူးလွန်ခံရသည့် အမျိုးသမီးမှာ ဆိုင်မွန်နှင့်သိကျွမ်းသူ ဖြစ်ပြီး ဆိုင်မွန်တို့နှင့်အရက်အတူသောက်ကာ အမူးလွန်နေပြီးနောက် ဟိုတယ်သို့သွားရန် သဘောတူညီခဲ့ ကြောင်း၊ သူငယ်ချင်းများကပင် အမူးလွန်နေသော သူမအတွက် စိုးရိမ်ပူပန်ခဲ့ရသည်။ ဖမ်းဆီးခံရပြီးနောက် ပြစ်မှုကျူးလွန်သည်ဟု နှစ်ဦးစလုံးက၀န်ခံခဲ့ကြသော်လည်း အမျိုးသမီးဘက်မှအလိုတူခဲ့၍ဖြစ်ကြောင်း ထွက်ဆို ခဲ့ကြသည်။ သို့သော်လည်း တရားလိုဘက်မှမူ အမူးလွန်၍အသိစိတ်ပျော်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သကဲ့သို့ ဆိုင်မွန်ကလည်း နောက်ပိုင်းတွင် အမျိုးသမီးက ငြင်းဆန်ခဲ့သည်ဟု ၀န်ခံခဲ့သည်။ ဆိုင်မွန်နှင့် ကမ်းဘဲလ်တို့ဒ၏ အမှုမှာ ၂ နှစ်နီးပါးကြာမြင့်လာခဲ့ပြီဖြစ်သော်လည်း အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်
Mizzima Burmese