မိုယက်စ်ကိုရာထူးမှထုတ်ပယ်ရန် မန်ယူအသင်းဘုတ်အဖွဲ့နှင့်လျှို့ဝှက်တွေ့ဆုံဆွေးနွေးကာ ဖာဂူဆန်သဘောတူခဲ့

ပို့စ်တင်ချိန် - 4/24/2014 07:45:00 AM


ဝေဘုန်းလူ

လွန်ခဲ့သည့် ၁၀ လခန့်က မန်ယူနည်းပြရာထူးကိုဆက်ခံရန် ၎င်းကိုယ်တိုင်ရွေးပေးခဲ့သော မိုယက်စ်အား မန်ယူအသင်းမှ ထုတ်ပယ်ရေး အစည်းအဝေးတွင် ဖာဂူဆန်ကိုယ်တိုင် ပါဝင်ခဲ့ပြီး ဟိုတယ်တစ်ခုတွင် မန်ယူဘုတ် အဖွဲ့နှင့် လျှို့ဝှက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဒေးလီးမေးလ် သတင်းစာက ဖော်ပြခဲ့သည်။

မန်ယူအသင်းကို ၂၆ နှစ်တာနည်းပြခဲ့သော ဖာဂူဆန်သည် မန်ချက်စတာမြို့ရှိဟိုတယ်တစ်ခုတွင် မန်ယူအသင်း အားကစားဒါရိုက်တာများ အစည်းအဝေးပြုလုပ်ရာ၌ တစ်ဦးအပါအ၀င်ဖြစ်ခဲ့သည်ဟု အဆိုပါသတင်းစာက ဖော်ပြခဲ့ခြင်း ဖြစ်သည်။ တနင်္ဂနွေနေ့ညပိုင်းကပြုလုပ်ခဲ့သော အစည်းအဝေးပြီးနောက် အင်္ဂါ နံနက်ပိုင်းတွင် မိုယက်စ်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း အမှုဆောင်ချုပ် ၀ုဒ်ဝက်ဒ်ကိုယ်တိုင် ကာရင်တန်လေ့ကျင့်ရေးကွင်းသို့သွား ပြီး မိုယက်စ်အားအသိပေးခဲ့ခြင်းဖြစ်သည်။ ယင်းနောက်တွင် မန်ယူအသင်းက “ မိုယက်စ်ဟာ အသင်းမှထွက်ခွာသွားခဲ့ပါပြီ။ သူ့ရဲ့ကြိုးစားမှုနဲ့ စွမ်းဆောင်ရည်တွေအတွက် အသင်းမှကျေးဇူးတင်ပါတယ်” ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ရွိုင်ယန်ဂစ်မှာ အသင်းကို ယာယီတာဝန်ယူ ကိုင်တွယ်ရမည်ဖြစ်သော်လည်း အသစ်ခန့်ရန် လျာထားသည့် နည်းပြစာရင်းတွင် ပါဝင်ခြင်းမရှိသကဲ့သို့ လာမည့်ရာသီမန်ယူနည်းပြအဖွဲ့ဝင်တစ်ဦး ဖြစ်လာရန် လည်းသေချာမှု မရှိကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့သည်။

မန်ယူနည်းပြဟောင်း ဖာဂူဆန်အနေဖြင့် ၎င်းကိုယ်တိုင် ထောက်ခံချက်ပေးခဲ့သော မိုယက်စ်အား လက်လျှော့လိုက်သည့် သတင်းမှာ မန်ယူပရိသတ်များ အတွက်လည်း ထင်မှတ်မထားသည့် သတင်းဖြစ်စေခဲ့ သည်။ ဖာဂူဆန်အနေဖြင့် အမှားကြီးတစ်ခု ကျူးလွန်ခဲ့ပြီဟု သိမြင်လာပြီးနောက်တွင် လွန်ခဲ့သော နှစ်လခန့် ကတည်းက မိုယက်စ်၏ စွမ်းဆောင်ရည်အပေါ် သံသယများ ကြီးထွားလာခဲ့ခြင်းလဲ ဖြစ်နိုင်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။ မိုယက်စ်ကိုရာထူးမှ ထုတ်ပယ်ရေး အစည်းအဝေးတွင် ဖာဂူဆန်သည် ၀ုဒ်ဝက်ဒ်၊ အမှုဆောင်ချုပ်ဟောင်း ဒေးဗစ်ဂီးလ်၊ ဂန္တ၀င်ပုဂ္ဂိုလ်ဘော်ဘီချာတန် တို့နှင့်အတူ ပါဝင်ခဲ့ခြင်းဖြစ်သည်။

Mizzima Burmese