သင်္ကြန်ကာလ၌ အိတ်ဇောဖွင့်၊ သရုပ်ပျက် ဆိုင်ကယ်များ ဖမ်းဆီးမှု အရှိန်မြှင့်မည်

ပို့စ်တင်ချိန် - 4/06/2014 04:46:00 PM


မုံရွာ၊ ဧပြီ ၅

သင်္ကြန်ကာလတွင် ဆိုင်ကယ်များဖြင့် လည်သည့် အလေ့အထ ရှိသော မုံရွာမြို့ပေါ်တွင် ယခုနှစ် သင်္ကြန်ကာလအတွင်း အိတ်ဇောဖွင့်နှင့် သရုပ်ပျက် ဆိုင်ကယ်များကို အရှိန်မြှင့် ဖမ်းဆီးသွားမည် ဖြစ်ပြီး သင်္ကြန်ကာလ ပြီးမှသာလျှင် တရားရုံးတင်ပြီး တရားစွဲဆိုပြီးမှသာ ဆိုင်ကယ်များ ပြန်ထုတ်ပေးမည် ဖြစ်ကြောင်း မုံရွာမြို့နယ် ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“မနှစ်ကတော့ သင်္ကြန်ကာလ မတိုင်ခင်မှာပဲ ဖမ်းပါတယ်။ ဒီနှစ်တော့ သင်္ကြန်ကာလ အတွင်းမှာလဲ အိတ်ဇောဖွင့်တဲ့ ဆိုင်ကယ်တွေကို အဓိကထားပြီး ဖမ်းဆီးဖို့ ရှိပါတယ်။ သက်ဆိုင်ရာကလည်း စာတွေထုတ်ပြီး သတိပေးမှုတွေ ပြုလုပ်ထားပါပြီ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယခင်နှစ် ၂၀၁၃ ခုနှစ် သင်္ကြန်ကာလတွင်လည်း အိတ်ဇောဖွင့်၊ ရှေ့နောက် နံပါတ်ပြားမပါ၊ သရုပ်ပျက် ဆိုင်ကယ်များကို ဖမ်းဆီးအရေးယူခဲ့ပြီး အစီးရေ ၁၀၀ နီးပါးခန့် ဖမ်းဆီးရမိခဲ့ကာ သင်္ကြန်ကာလ ပြီးမှသာ ဆိုင်ကယ်များ ပြန်ထုတ်ပေးခဲ့ကြောင်း ယာဉ်ထိန်းရုံး မှတ်တမ်းများအရ သိရသည်။

၂၀၁၂ သင်္ကြန်တွင် မုံရွာမြို့ပေါ်၌ ၁၃ ဦး သေဆုံးခဲ့ပြီး ၁၃၈ ဦး ဒဏ်ရာရှိခဲ့ကာ သေဆုံးမှု အများစုမှာ ဆိုင်ကယ်တိုက်မှုများကြောင့် ဖြစ်ပြီး၊ ဒဏ်ရာရရှိမှု များသည်လည်း ယာဉ်တိုက်မှုများကြောင့် အများဆုံး ဖြစ်ခဲ့ကြောင်း၊ ၂၀၁၃ သင်္ကြန်တွင် ယာဉ်တိုက်မှုများ လျော့နည်းခဲ့သဖြင့် လူငါးဦးခန့်သာ သေဆုံးခဲ့ကြောင်း မုံရွာအမှတ် (၁) ရဲစခန်းမှ မှတ်တမ်းများအရ သိရသည်။

The Voice Weekly