ရန်ကုန်မြို့ရှိ ရေကစားမဏ္ဍပ်အချို့သင်္ကြန်အကြို ပါတီပွဲများပြုလုပ်

ပို့စ်တင်ချိန် - 4/13/2014 07:07:00 AM


ရန်ကုန်မြို့ရှိ ရေကစားမဏ္ဍပ်အချို့တွင် ဧပြီ ၁၂ ရက်ညပိုင်းက သင်္ကြန်အကြိုပါတီ (Welcome Party) ပွဲများ ပြုလုပ်ခဲ့ကြသည်။

ထိုသို့ ပါတီပွဲများသို့ တက်ရောက်သူများမှာ မဏ္ဍပ်တစ်ခုနဲ့တစ်ခု မတူညီဘဲ အချို့မဏ္ဍပ်များတွင် လူဦးရေ ဆယ်ဂဏန်းသာရှိပြီး နာမည်ကြီး မဏ္ဍပ်ကြီးများတွင်မူ လူဦးရေရာဂဏန်းထိရှိကာ နိုင်ငံခြားသားအချို့လည်း တက်ရောက်သည်ကို တွေ့ရှိခဲ့ရပြီး သင်္ကြန်ကာလ မဏ္ဍပ်များကဲ့သို့ စည်ကားလျက်ရှိသည်။

သင်္ကြန်ရေကစား မဏ္ဍပ်ကြီးများမှာ ကန်တော်ကြီးပတ်လမ်း၊ ကမ္ဘာအေးစေတီလမ်းတို့တွင် အဓိကတည်ရှိပြီး အဆိုပါသင်္ကြန် အကြိုပါတီပွဲများသို့ တက်ရောက်လာသည့် ကားများနှင့် သင်္ကြန်မဏ္ဍပ်များအား လာရောက်ကြည့်ရှုသည့်ကားများ ရပ်နားထားမှုကြောင့် ကန်တော်ကြီးပတ်လမ်းနှင့် ကမ္ဘာအေးစေတီလမ်းတို့တွင် သင်္ကြန်ကာလ မဟုတ်သော်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။

ထို့အပြင် သင်္ကြန်ရေကစားလက်မှတ် ရောင်းချရန် ကျန်ရှိနေသေးသည့် မဏ္ဍပ် များမှာလည်း ရေကစားလက်မှတ်များအား ညနက်ပိုင်းချိန်ထိ ရောင်းချလျက်ရှိကြောင်း သိရသည်။

အလားတူ ရန်ကုန်မြို့တွင်းရှိ မြို့နယ်ရပ်ကွက်များတွင် သံချပ်အဖွဲ့များမှ ဖျော်ဖြေမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

News Eleven