မြန်မာနိုင်ငံ၏ နှစ်စဉ်မဟာသင်္ကြန် ပိတ်ရက်များသည် လိုအပ်သည်ထက်ပိုနေပြီး စီးပွားရေး လည်ပတ်မှုဆိုင်ရာ နှောင့်နှေးမှုများ ဖြစ်လာနိုင်ကြောင်း ယူဆနေကြ

ပို့စ်တင်ချိန် - 4/10/2014 09:57:00 AM



Published on: April 9, 2014
Written by:
သတင်းအယ်ဒီတာအဖွဲ့

၂၀၁၃ မဟာသင်္ကြန် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၌ ရေကစားနေကြသူအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
မြန်မာနိုင်ငံ၏ နှစ်စဉ်မဟာသင်္ကြန် ပိတ်ရက်များသည် လိုအပ်သည်ထက် ပိုမိုနေပြီး စီးပွားရေး လည်ပတ်မှုဆိုင်ရာ နှောင့်နှေးမှုများ ဖြစ်လာနိုင်သည်ဟု ယူဆမှုများရှိနေကြောင်း သိရှိရသည်။

ဈေးကွက်စီးပွားရေးစနစ်အား အောင်မြင်စွာ ကျင့်သုံးလာသည်ဟု ဆိုနိုင်သည့် မြန်မာနိုင်ငံတွင် မြန်မာ့ရိုးရာ အစဉ်အလာ မဟုတ်ဘဲ ဟိန္ဒူအယူဝါဒမှ ဆင်းသက်လာသည့် မဟာသင်္ကြန် ပွဲတော်အတွက် အစိုးရရုံးဌာနများနှင့် နိုင်ငံတကာနှင့် ဆက်နွှယ်နေသည့် လုပ်ငန်းများအား ရပ်ဆိုင်းကာ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခြင်းမှာ စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးနေသည့် မြန်မာနိုင်ငံအတွက် ထိုးနှက်ချက် ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေကြောင်းလည်း သိရှိရသည်။

“လူတစ်ယောက်ကို တစ်နှစ်ကို ရှောင်တခင်ခွင့် ၁၀ ရက်က ရှိပြီးသား။ ဒါ့ပြင် တစ်ပတ်ကို စနေ၊ တနင်္ဂနွေ နှစ်ရက်ပိတ်ပေးတယ်။ တစ်ပတ်မှာ ငါးရက်အလုပ်လုပ်၊ နှစ်ရက်နားခိုင်းတဲ့ သဘောပေါ့။ အဲဒီရက်မှာနားပြီး အားပြန်ဖြည့်တဲ့ သဘောပေါ့။ အခု ၁၀ ရက် ပိတ်ပေးတယ် ဆိုတာလည်း စိတ်ရောကိုယ်ရော နားခိုင်းတဲ့ သဘောပါပဲ။ တရုတ်တွေကတော့ တရုတ်နှစ်သစ်ကူးမှာ နားကြတယ်။ နိုင်ငံခြားသားတွေကတော့ vacation ရက်တွေကို တန်ဖိုးထားကြတယ်။ ဒါပေမဲ့ အခုလို ၁၀ ရက်ပိတ်တဲ့အတွက် တချို့အလုပ်တွေ pending ဖြစ်တာတွေတော့ ရှိတာပေါ့” ဟုလည်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုနှစ် ဧပြီလတွင် အစိုးရရုံးဌာနများ၏ တရားဝင်ရုံးပိတ်ရက်မှာ စနေ၊ တနင်္ဂနွေပိတ်ရက်များနှင့် မဟာသင်္ကြန် ပိတ်ရက်များအပါအ၀င် ၁၄ ရက်အထိ ရှိနေသည်။ မြန်မာနိုင်ငံတွင် ဧပြီလ၏ ရုံးပိတ်ရက်များသည် မဟာသင်္ကြန်ပိတ်ရက်နှင့် စနေ၊ တနင်္ဂနွေပိတ်ရက်များ ပေါင်းပါက နှစ်စဉ် ၁၃ ရက်နှင့် ၁၇ ရက်ကြားတွင် ရှိနေသည်။

ထိုသို့ ပိတ်ရက်များ များပြားသည့်အတွက် ရုံးလုပ်ငန်းဆိုင်ရာ လုပ်ဆောင်မှုများသည် ဘဏ္ဍာနှစ်တစ်နှစ်၏ အစဖြစ်သော ဧပြီလအတွက် နှောင့်နှေးမှုများစွာ ဖြစ်ပေါ်စေကြောင်း မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် အချို့က သုံးသပ်မှုများ ရှိနေသည်။

သင်္ကြန်ကာလ ရုံးပိတ်ရက်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများနှင့် သာမန်လုပ်သား ပြည်သူများအတွက် နားရက်ရရှိ၍ ကောင်းမွန်စွာ နားနေနိုင်သည့် အခြေအနေတွင် ရှိသော်လည်း နှစ်ပေါင်းများစွာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့သည့် မြန်မာနိုင်ငံအနေနှင့် လက်ရှိကာလသည် နိုင်ငံတကာအား အမီလိုက်နိုင်ရန် စီးပွားရေးလုပ်ငန်းများအား အားသွန်ခွန်စိုက် လုပ်ကိုင်သင့်သည့် အချိန်ဖြစ်ပြီး ပိတ်ရက်ရှည်ကြာမှုသည် လက်ရှိကာလတွင် မဖြစ်သင့်တော့ကြောင်း ကုန်သည်စက်မှု အသင်းချုပ် တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

မြန်မာနိုင်ငံတွင် မဟာသင်္ကြန် ပိတ်ရက်အဖြစ် သတ်မှတ်သည့် အစိုးရရုံးပိတ်ရက် ကာလအတွင်း မဖြစ်မနေ တာဝန်ထမ်းဆောင်ရသည့် နိုင်ငံ့ဝန်ထမ်း အများစုမှာ ဆေးရုံများရှိ ဆရာဝန်၊ သူနာပြုများ အပါအ၀င် ၀န်ထမ်းများ၊ အကျဉ်းထောင်၊ ရဲစခန်းများတွင် တာဝန်ထမ်းဆောင်ရသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာ့တပ်မတော်မှ တပ်သားများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ စသည့်ဝန်ထမ်းများဖြစ်ပြီး အများသူငါ ရုံးပိတ်ရက်တွင်ပါမကျန် တာဝန်ထမ်းဆောင်ရသည့် နိုင်ငံဝန်ထမ်းများ အနေဖြင့် မဟာသင်္ကြန် ရုံးပိတ်ရက်သည် မညီမျှသော နိုင်ငံတော် ရုံးပိတ်ရက်များ ဖြစ်ပေါ်စေကြောင်း သိရသည်။

“ကျွန်မတို့အလုပ်က ပိတ်လို့ရတဲ့ အလုပ်မှ မဟုတ်တာ။ သင်္ကြန်ရက်နားနီးလေ လူနာများလေပဲ။ ဒီအလုပ်ကိုပဲ ကျွန်မတို့ ရွေးချယ်ခဲ့တာ” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ သူနာပြု ၀န်ထမ်းတစ်ဦးက ဆိုသည်။

အများသူငါ ပျော်ပါးချိန်တွင် ပျော်ပါးချင်သော်လည်း ထိုကဲ့သို့ ပြည်သူများ ပျော်ပါးနေမှုအား ထိန်းသိမ်းစောင့်ရှောက်ပေးရမည့် တာဝန်ရှိနေသည့်အတွက် အများသူငါကဲ့သို့ ပျော်ရွှင်နိုင်မှု မရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ငွေကြေးကြွယ်ဝသူများနှင့် လုပ်ခလစာ အာမခံချက်ရှိသည့် အစိုးရ၀န်ထမ်းများ ပုဂ္ဂလိက ၀န်ထမ်းများအတွက် ပိတ်ရက်များနှင့်အတူ လစာငွေထုပ်မှ လကုန်လျှင် စောင့်ကြိုနေမည် ဖြစ်သော်လည်း သာမန်ကျပန်း လုပ်ကိုင်သူများနှင့် တစ်နေ့လုပ်တစ်နေ့ စားရသူများအတွက် သင်္ကြန်ပိတ်ရက်များပြားမှုမှာ ခက်ခဲသည့်နေ့ရက်များ ဖြစ်ပေါ်စေကြောင်းလည်း သိရှိရသည်။

“ကျွန်တော်က ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ ပန်းရန်လုပ်ပါတယ်။ သင်္ကြန်ကာလမှာ စုဆောင်းထားတာလေးတွေနဲ့ပဲ ချွေတာစားသောက်ရမှာပေါ့။ အိမ်မှာက မိသားစု လေးယောက်ရှိတယ်။ ကျွန်တော်ရယ် ကျွန်တော့်သားအကြီးရယ်က နေ့စားပန်းရန် လုပ်တယ်။ နှစ်ယောက်စလုံး အလုပ်မလုပ်တော့ တစ်ရက်ဆိုတစ်ရက် ၀င်ငွေထိခိုက်တာပေါ့။ ပိုက်ဆံတတ်နိုင်တဲ့ သူတွေအတွက်ကတော့ သင်္ကြန်ဆိုတာ ပျော်စရာကောင်းပေမယ့် ကျွန်တော်တို့လို လက်လုပ်လက်စားတွေကတော့ သင်္ကြန်ဆိုရင် စားဝတ်နေရေး အတွက်ကတော့ ခေါင်းခဲရတယ်” ဟု မလွှကုန်းရပ်ကွက်၊ တာမွေမြို့နယ်နေ ဦးကျော်အုန်းက ဆိုသည်။

“သင်္ကြန် ၁၀ ရက် ပိတ်တဲ့အတွက် ကြီးကြီးမားမား ပြဿနာ မရှိနိုင်ပါဘူး။ ကျွန်တော်တို့ရုံးတွေက ပို့ကုန်သွင်းကုန်လိုင်စင် ထုတ်ပေးတဲ့ ဌာနတွေဆိုတော့ လိုင်စင်အတွက်က သင်္ကြန်ပိတ်ရက်အတွက် ကြိုပြီးလုပ်ထားလို့ ရတယ်လေ။ ကုန်သွယ်ရေးစာချုပ် ချုပ်ဖို့ရှိတာတွေဆိုလည်း ကြိုလုပ်ထားလို့ ရပါတယ်။ အရေးကြီးတာက custom လို ဟာမျိုးတွေမှာတော့ ကြိုလုပ်ထားဖို့ ခက်တယ်။ ပို့ကုန်သွင်းကုန်နဲ့ ကုန်စည်စီးဆင်းနေတဲ့ အပိုင်းကို အကောက်ခွန် စည်းကြပ်ရတာ ဖြစ်တဲ့အတွက် တကယ်လို့သာ custom လိုဌာနမျိုးကို ၁၀ ရက်ပိတ်ရင် နည်းနည်းတော့ ပြဿနာရှိနိုင်ပါတယ်။ ကုန်သွယ်မှု ရပ်ဆိုင်းတာတွေ နှောင့်နှေးတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အဲလိုမျိုးတွေ မဖြစ်အောင် ရက်အလိုက် တာဝန်ချထားမှုတွေကိုလည်း ကြိုတင်စီစဉ် ထားကြပါတယ်” ဟုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဆက်နွှယ်လုပ်ကိုင်နေရသည့် မြန်မာနိုင်ငံရှိ ပြည်ပပို့ကုန် လုပ်ငန်းရှင်များ အနေဖြင့် မဟာသင်္ကြန် ရုံးပိတ်ရက်တွင် အစိုးရရုံးပိတ်ရက် ကာလအတွင်း ၀န်ထမ်းရုံးပိတ်ရက်များ ပိတ်ထားသော်လည်း အခြားနိုင်ငံများမှ ကုန်မှာယူမှုများ ရှိသည့်အတွက် ကုန်တင်ပို့မှုများ လုပ်ဆောင်ရခြင်းကြောင့် အစိုးရဌာန တစ်ခုဖြစ်သည့် အကောက်ခွန် ဦးစီးဌာနသည်လည်း အစိုးရ ရုံးပိတ်ရက်တွင် ပြည်ပပို့ကုန် လုပ်ငန်းရှင်များ အဆင်ပြေစွာ နိုင်ငံတကာ ကုန်သွယ်မှု ပြုလုပ်နိုင်စေရန် ယခုနှစ် မဟာသင်္ကြန် ရုံးပိတ်ရက် ၁၀ ရက်၌ ရုံးဖွင့်ရက် လေးရက်အထိ သတ်မှတ်ထားရသည်။

“ရုံးပိတ်ရက်များတော့ ၀န်ထမ်းတွေ ပျော်တာပေါ့။ လုပ်ငန်းရှင်တွေ ဘက်ကတော့ ရုံးပိတ်ရက်များတော့ အရှုံးတော့ ရှိတယ်။ နေ့စဉ် Cost ကရှိနေတော့ အရှုံးက ရှိတယ်။ ရုံးပိတ်ရက်များတော့ ၀င်ငွေမရှိတဲ့ ဧပြီလကတော့ ပို့ကုန်လုပ်ငန်းတွေ အတွက်ကတော့ အရှုံးရှိတာပေါ့။ နိုင်ငံခြားကို တင်ပို့နေတဲ့ ရေထွက်ကုန်တွေကတော့ ၁၀ တန်မှာရင် ရှစ်တန်လောက်ပဲ တင်ပို့ရတယ်။ အဲဒီကြားရက်မှာက ရသလောက် ကုန်ကိုပဲ တင်ပို့ရတယ်။ ဧပြီလကတော့ ပို့ကုန် Volume ကျမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပိတ်ရက်များတာကိုး။ ပို့ကုန်ကတော့ နည်းနည်းတော့ ကျသွားနိုင်တယ်။ ရုံးပိတ်ရက် ရှည်တော့လည်း နိုင်ငံခြားနဲ့ ဆက်သွယ်ပြီး လုပ်ရတဲ့ လုပ်ငန်းတွေက အခက်အခဲ ဖြစ်တာပေါ့။ ၀န်ထမ်းတွေ အကုန်လုံးကို ပေးနားရတယ်။ ပေးနားရတော့ နိုင်ငံခြားမှာက ပိတ်ရက်ဒီလောက်မရှိတဲ့ အခါကျ သူတို့နဲ့ ဆက်သွယ်တဲ့ အခါကျတော့ ဒီကပိတ်ရက်ဖြစ်တော့ အရောင်းအ၀ယ် နည်းနည်းတော့ တန့်သွားတာပေါ့။ အမှန်ကတော့ ၁၀ ရက်ကျော်ကြီးက နည်းနည်းတော့ များတယ်။ နိုင်ငံတော်က အခုမှ ပြန်လည်ထူထောင်ရေး လုပ်နေတဲ့ အချိန်လေ။ ရုံးပိတ်ရက် များတဲ့အတွက် ထိခိုက်မှုတော့ ရှိတယ်။ ဒီအချိန်မှာ သူများတစ်လှမ်းလှမ်းရင် ကိုယ်ကနှစ်လှမ်းလောက် လှမ်းရမယ့် အချိန်လေ။ ဒီအချိန်မှာ ပိတ်ရက်တွေ များတဲ့အခါကျတော့ လုပ်နေတဲ့စွမ်းအားတွေ လျော့တာပေါ့” ဟု မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးထွန်းအေးက ပြောကြားသည်။

အကောက်ခွန် ဦးစီးဌာန အနေဖြင့် တရားဝင်ဖွင့်လှစ်ကြောင်း ကြေညာရသည့် ရုံးဖွင့်ရက် လေးရက်အပြင် ရုံးမဖွင့်သည့် ရက်များ၌ အရေးတကြီး တင်သွင်းတင်ပို့လုပ်ငန်း လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များအတွက်ပါ ပိတ်ရက်များတွင် ပြည်ပသို့ တင်သွင်းတင်ပို့မှုများ ပြုလုပ်နိုင်ရန် လုပ်ငန်းရှင်များအား ကြိုတင်သတိပေးမှုများ ပြုလုပ်ထားရပြီး လေကြောင်းပို့ကုန် လုပ်ငန်းများကိုမူ မဟာသင်္ကြန် ရုံးပိတ်ရက်တွင်ပါ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားရကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်ဆိုင်သော ဂျီဒီပီ ဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်း၊ ထုတ်လုပ်မှုတန်ဖိုး ကျပ် ၄၆ ဒသမ ၃၀၇ ထရီလျံ၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ၇ ဒသမ ၃ ရာခိုင်နှုန်း ထုတ်လုပ်မှုတန်ဖိုး ကျပ် ၅၁ ဒသမ ၀၆၀ ထရီလျံ ရရှိခဲ့ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ၈ ဒသမ ၉ ရာခိုင်နှုန်း ထုတ်လုပ်မှုတန်ဖိုး ကျပ် ၅၉ ဒသမ ၂၄၈ ထရီလျံ ရရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း ပထမ ခြောက်လပတ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်းမှာ ၅ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိခဲ့ကာ စီးပွားရေးတိုးတက်မှု နှေးကွေးခဲ့ကြောင်း သိရသည်။

news-eleven