ဘုရားဖူးယာဉ်တိမ်းမှောက်၍ ၂ ဦးသေ၊ ၁၅ ဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 4/27/2014 07:23:00 PM


နေပြည်တော်၊ ဧပြီ ၂၇
၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်အချိန် ရှမ်းပြည်နယ်၊ ကလော မြို့နယ်၊ အောင်ပန်းမြို့နှင့်ဟဲဟိုးမြို့ကြား၊ မိုင်တိုင်အမှတ်(၈၆/၂-၃)၊ သီခေါင်တောင်တွင် ရန်ကုန်မှ တောင်ကြီးသို့ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ အောင်ချမ်းသာရပ်နေ ဘိုဘိုအောင်(၃၀)နှစ် မောင်းနှင်ပြီး ခရီးသည်(၄၀)ဦး တင်ဆောင်လာသော 4E/xxxx Higer Express ဘုရားဖူးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့တိမ်းမှောက်ခဲ့သည်။ ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များအနက် သန်လျင်မြို့နယ်၊ ပုဂံတော်ရွာနေ မြင့်ဇော်(၃၅)နှစ်နှင့် မြယာရိုးရွာနေ မအေးလေး (ခ)မခင်သန်္တာအေး(၂၅)နှစ်တို့ ၂ ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး မြယာရိုးရွာနေ ဒေါ်မြင့်မြင့်မိုး(၄၁)နှစ်ပါ ကျား ၇ ဦး၊ မ ၈ ဦး၊ စုစုပေါင်း(၁၅)ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် တောင်ကြီးမြို့၊ စ၀်စံထွန်းဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ဘိုဘိုအောင်အား ဟဲဟိုးနယ်မြေရဲစခန်း ယာဉ်(ပ)၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်