တစ်နှစ်အတွင်း တရားစီရင်ရေးနှင့် ပတ်သက်၍ လာဘ်ပေးလာဘ်ယူမှု သုံးမှုသာရှိဟု လွှတ်တော်တွင်း မေးခွန်းအား ပြည်ထဲရေးဝန်ကြီးမှ စာဖြင့်ဖြေကြားရာ၌ ဖော်ပြထားသဖြင့် အံ့သြမိကြောင်း မေးခွန်းရှင် လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ပို့စ်တင်ချိန် - 4/10/2014 09:45:00 AM



ယုဇနဥယျာဉ်မြို့တော်သို့ ရေပေးဝေရန် တည်ဆောက်နေသည့် ရေလှောင်ကန်စီမံကိန်းအား ဧပြီ ၆ ရက်က သွားရောက်ကြည့်ရှုနေသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်အား တွေ့ရစဉ်

Published on: April 10, 2014



ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ ဖွဲ့စည်းသည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်အထိ လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ တစ်နှစ်အတွင်း သုံးမှုသာရှိကြောင်း လွှတ်တော်တွင်း မေးခွန်းမေးမြန်းမှုအား ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက စာဖြင့်ပြန်လည် ဖြေကြားရာတွင် ပါဝင်သဖြင့် အံ့သြမိကြောင်း မေးခွန်းရှင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြီးခဲ့သည့် န၀မအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ကာလအတွင်း လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်းပြီးနောက် အရေးယူဆောင်ရွက်မှု အခြေအနေများကို သိရှိလိုကြောင်း မေးခွန်းမေးမြန်းခဲ့သော်လည်း ဖြေကြားခဲ့ခြင်းမရှိဘဲ လွှတ်တော်အစည်းအဝေး ပြီးဆုံးချိန် ဧပြီ ၉ ရက်၌ စာဖြင့်ယခုလို ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီး၏ ဖြေကြားချက်၌ ကော်မတီ ဖွဲ့စည်းပြီးနောက် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်အထိ တိုင်ကြားလာသည့် အမှုပေါင်း ၃၈၂ မှုရှိခဲ့ပြီး ပဏာမ စိစစ်ချက်အရ ပေါ်လွင်ထင်ရှားမှုရှိသော အမှု ၉၁ မှု၊ ပေါ်လွင်ထင်ရှားမှုမရှိသော အမှု ၁၈၃ မှုနှင့် စိစစ်ဆဲအမှု ၄၄ မှုဖြစ်ကြောင်း ပါဝင်သည်။ ထို့ပြင် ပေါ်လွင်မှုရှိသော အမှု ၉၁ မှုတွင် လာဘ်ပေးလာဘ်ယူမှုမှာ ၄၁ မှု၊ တရားမမှုဆိုင်ရာ ငါးမှု၊ စီမံခန့်ခွဲမှု အားနည်းချွတ်ချော်မှု ၄၀ မှုနှင့် မှုခင်းဆိုင်ရာ ငါးမှုတို့ဖြစ်ကြောင်း စိစစ်တွေ့ရှိရကြောင်း ၀န်ကြီး၏ ဖြေကြားချက်၌ ဖော်ပြထားသည်။

လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီသို့ တိုင်ကြားလာသည့် အမှုများတွင် သီးခြားဆောင်ရွက်သည့် လုပ်ငန်းများအပြင် လယ်ယာမြေကိစ္စများ အပါအ၀င် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ရသည့် အဖွဲ့အစည်းများအတွင်း ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ အမှုများအနက် လာဘ်ပေးလာဘ်ယူ ဖြစ်ပွားခဲ့သော အဖွဲ့အစည်းများမှာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့နှင့် အခြားဌာနများ ၂၅ မှု၊ လယ်/ဆည်ဝန်ကြီးဌာန ၁၁ မှု၊ ပြည်ထဲရေးဝန်ကြီးဌာန ၁၀ မှု၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး သုံးမှု၊ ပညာရေးဝန်ကြီးဌာန နှစ်မှုတို့ဖြစ်ကြောင်း သိရသည်။

အလားတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှာ ၀န်ကြီးဌာနတစ်ခုတွင် တစ်မှုစီသာ လာဘ်ပေးလာဘ်ယူမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“အင်မတန် အရေးကြီးတဲ့အတွက် လွှတ်တော်ထဲမှာ ကျွန်တော်မေးခွန်းမေးခဲ့တယ်။ သို့သော် အဖြေကို ဒီနေ့ကျွန်တော့်ဆီကို စာနဲ့ပို့ပါတယ်။ စာကိုဖတ်တဲ့အချိန်မှာ ၀န်ကြီးက သူ့ထောင့်က သူဖြေတဲ့အပေါ်မှာ ဘာမှမပြောလိုပါဘူး။ ပြည်ထောင်စု တရားရုံးချုပ်နဲ့ ပတ်သက်ပြီး လာဘ်စားတဲ့အမှုဟာ သုံးမှုပဲ ရှိတယ်ဆိုတော့ ကျွန်တော် တော်တော်အံ့သြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် တရားရေး၊ ဥပဒေရေး၊ တိုင်ကြားစာနဲ့ အသနားခံ ကော်မတီမှသော် လည်းကောင်း၊ သမ္မတဆီကိုသော် လည်းကောင်း၊ လာဘ်ပေးလာဘ်ယူ ကော်မရှင်ကိုသော် လည်းကောင်း ပေးပို့ခဲ့တဲ့ တရားသူကြီးနဲ့ ပတ်သက်တဲ့ဟာ အင်မတန်ကို များပြားပါတယ်။ ဒီတစ်နှစ်အတွင်း အနိမ့်ဆုံးစောင်ရေ ၅၀ လောက် ရှိပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် အဖွဲ့အစည်းများသည် မိမိတို့၏ ရည်မှန်းချက်တာဝန်များကို ဆောင်ရွက်ရာ၌ ပြည်သူဗဟိုပြု စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသဖြင့် အများပြည်သူနှင့် အများဆုံး ထိတွေ့ဆက်ဆံရသောကြောင့် မလိုလားအပ်သည့် လာဘ်ပေးလာဘ်ယူမှုနှင့် ပြည်သူလူထုအား ၀န်ထုပ်ဝန်ပိုးဖြစ်စေသည့် ကိစ္စရပ်များ ဖြစ်ပေါ်ခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လာဘ်ပေးလာဘ်ယူခြင်း ကိစ္စများ ဖြစ်ပွားပါက တည်ဆဲဥပဒေများအပြင် ၀န်ထမ်းစည်းမျဉ်း ဥပဒေများနှင့်လည်း ရာထူးကြီးငယ်မရွေး အရေးယူလျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း မတိကျ မသေချာသော အကြောင်းအရာများကို အမည်မဖော် ပစ်စာသဘောမျိုး တိုင်ကြားခြင်းထက် အဂတိလိုက်စားမှုများအား တိကျခိုင်မာသော အကြောင်းအရာများ ဖော်ပြတိုင်ကြားရန်လည်း ပြည်ထဲရေးဝန်ကြီးက တိုက်တွန်းဖော်ပြထားသည်။

news-eleven