မြောက်ကိုရီးယား ဒုံးကျည်မှန်သမျှ ပစ်ချရန် ဂျပန်အစိုးရ အမိန့်ထုတ်

ပို့စ်တင်ချိန် - 4/06/2014 04:01:00 PM


တိုကျို၊ ဧပြီ ၅

မြောက်ကိုရီးယားနိုင်ငံက လာမည့် ရက်ပိုင်းအတွင်း ဒုံးကျည်များ စမ်းသပ် ပစ်လွှတ်နိုင်ဖွယ် ရှိခြင်းကြောင့် မြောက်ကိုရီးယား ဒုံးကျည်မှန်သမျှကို ပစ်ချရန် ဂျပန်ပင်လယ်တွင်းရှိ ဖျက်သင်္ဘောများကို ဂျပန်အစိုးရအဖွဲ့က အမိန့်ပေးထားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

“ကာကွယ်ရေးဝန်ကြီးက ဧပြီ ၃ ကနေ ၂၅ ရက်နေ့အတွင်း ပေါ်ပေါက်လာဖွယ် ရှိတဲ့ ဒုံးကျည် ပစ်လွှတ်မှုတွေအတွက် ပြင်ဆင်ထားဖို့ အမိန့်ပေးထားပါတယ်” ဟု သတင်းရင်းမြစ်များက ပြောကြားသည်။

မြောက်ကိုရီးယား ဒုံးကျည်များ ပစ်ချရေး အမိန့်ပေးထားသော်လည်း အမေရိကန်နိုင်ငံထုတ် ခေတ်မီ ပတ်ထရီရော့ ဒုံးခွင်းဒုံးများကိုမူ တပ်ဖြန့်ထားခြင်း မရှိကြောင်း ယင်းလက်နက်များမှာ နောက်ဆုံး ခံစစ်လက်နက်များ ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီး အိုနိုဒီရာက ပြောကြားသည်။

ဂျပန်ကာကွယ်ရေး ဝန်ကြီး အိုနိုဒီရာက မြောက်ကိုရီးယား ဒုံးကျည်များ ပစ်ချရေး အမိန့်ကို ကြာသပတေးနေ့ကတည်းက အမိန့်ပေးခဲ့သော်လည်း တစ်နှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် ဂျပန်-မြောက်ကိုရီးယား ဆွေးနွေးပွဲ မထိခိုက်စေရန် အများပြည်သူများ သိအောင် ထုတ်ပြန်ခြင်း မရှိခဲ့ကြောင်း ဒေသခံ မီဒီယာများတွင် ဖော်ပြထားသည်။

သို့သော်လည်း ဘေဂျင်းမြို့တော်၌ ကျင်းပခဲ့သည့် ဆွေးနွေးပွဲမှာ မည်သည့် ရလဒ်မျှ မထွက်ပေါ်ဘဲ ရပ်ဆိုင်းသွားခဲ့သည်။

ထို့အပြင် အမေရိကန်သမ္မတ အိုဘားမားနှင့် တောင်ကိုရီးယားခေါင်းဆောင်၊ ဂျပန်ခေါင်းဆောင်များ သည်ဟိတ်မြို့၌ တွေ့ဆုံဆွေးနွေးနေသည့် အချိန်နှင့် ကိုက်၍လည်း မြောက်ကိုရီးယားနိုင်ငံက ရိုဒေါင် တာလတ်ပစ် ဒုံးကျည်တစ်စင်းကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပစ်လွှတ်ခဲ့သည်။

အဆိုပါ ဒုံးကျည်သည် ကီလိုမီတာ ၆၅၀ (မိုင် ၄၀၀) ပျံသန်းပြီးနောက် ပင်လယ်တွင်းသို့ စိုက်ဆင်းသွားခဲ့ပြီး သတ်မှတ်ထားသည့် အမြင့်ဆုံး အကွာအဝေး ဖြစ်သည့် ကီလိုမီတာ ၁၃၀၀ အထိ ရောက်ရှိနိုင်ခြင်း မရှိခဲ့ပေ။

ယင်းကဲ့သို့သော ဒုံးကျည်များ စမ်းသပ် ပစ်လွှတ်မှုမှာ မြောက်ကိုရီးယားနိုင်ငံက အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းကို အာခံကြောင်း ပြသသည့် သဘောဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံ၏ အနာဂတ် ဒုံးကျည်ပစ်ခတ်မှုများကို ပစ်ချနိုင်ရန် ဂျပန်ပင်လယ်တွင်း၌ ပစ်မှတ်အမျိုးမျိုးကို ထောက်လှမ်းနိုင်သော အဆင့်မြှင့်ရေဒါများ၊ ဒုံးကျည်များ တပ်ဆင်ထားသည့် အေးဂျစ်အမျိုးအစား ဖျက်သင်္ဘောများကို ဂျပန်အစိုးရက စေလွှတ်ထားသည်။

The Voice Weekly