တရုတ်တိုင်းရင်းဆေးဝါးဖော်စပ်ရန် မြန်မာမြည်းများအား ဈေးကောင်းပေး၍ ၀ယ်ယူနေ

ပို့စ်တင်ချိန် - 4/24/2014 07:57:00 AM


သတင်း၊ ကိုတိုးကြီး
မုံရွာ၊ ဧပြီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစုတွင် သင်္ကြန်မတိုင်မီရက်ကာလမှစတင်ပြီး မြင်းဝယ်ယူသူပွဲစားများ အလုံးအရင်းနှင့်ဝင်ရောက်လာပြီး ဈေးကောင်းပေး၍ မြည်းများဝယ်ယူလျက်ရှိကြောင်း ကလေးခရိုင် မြည်းဈေးကွက်သတင်းများအရ သိရသည်။
“ မြင်းဝယ်ဖို့လာတဲ့ မြင်းပွဲစား အများစုက မန္တလေးမြို့ဘက်ကဖြစ်တယ်..။ မြည်းတွေကိုဈေးကောင်းပေး ပြီးရသလောက်ဝယ်ယူနေခြင်းဖြစ်ပါတယ်..” ဟု ကလေးမြို့နယ်၊ သာစည်လေးကျေးရွာရှိ မြည်းမွေးမြူရေး ၀ါသနာရှင်တစ်ဦးမှ ပြောပြသည်။
အညာဒေသသို့ မြင်းဝယ်ယူရန်လာရောက်လျက်ရှိသော မြည်းပွဲစားများသည် ၀ယ်ယူပြီးမြင်းများအား မန္တလေးတိုင်းဒေသကြီးဘက်သို့ သယ်ဆောင်ရန် မြင်းမောင်းသူများလည်း တစ်ပါတည်းခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြည်းဝယ်ယူသူများမှာ လူအုပ်စုလိုက် အညာကျေးလက်ဒေသများသို့ တစ်ရွာဝင် တစ်ရွာထွက် မြည်းများအား လိုက်လံဝယ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။
“ အရင်တုန်းက ရှစ်သောင်းခွဲ၊ ကိုးသောင်းလောက်တန်တဲ့ မြည်းကို အခုအခါ တစ်သိန်းနှစ်သောင်းကနေ တစ်သိန်းခွဲနီးပါးအထိ ဈေးကောင်းပေး၍ ၀ယ်ယူနေခြင်းဖြစ်ပါတယ်..” ဟု ယခင်က မြည်းလှည်းပို့ဆောင် ရေး လုပ်ငန်း လုပ်ကိုင်ခဲ့သူ ပင်လုံရပ်ကွက်နေ ဦးလှသောင်းမှ ပြောပြသည်။
ယခင်က အညာဒေသတွင် လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် မြည်းလှည်းများကို အဓိကထားသုံးစွဲခဲ့ရသော်လည်း ယခုအခါ တုတ်..တုတ်(ခ) သုံးဘီးဆိုင်ကယ်များ အစားထိုးဝင်ရောက်လာသည့်အတွက် မြည်းလှည်းပို့ဆောင်ရေး လုပ်ငန်းများ တိမ်ကောပျောက်ကွယ်ကာ မြည်းများသည် အိမ်မွေးတရိစ္ဆာန်သက်သက်သာဖြစ်ခဲ့ရကြောင်း သိရသည်။
“ အညာဒေသက မြည်းတွေကို ဈေးကောင်းပေးဝယ်ယူပြီး တရုတ်နိုင်ငံဘက်ကို တဆင့်ပြန်လည်ရောင်းချ တာမျိုးဖြစ်တယ်..။ မြန်မာပြည်က မြည်းကို အကောင်လိုက်ကြည့်ပြီးဝယ်ယူတယ်..။ တရုတ်ကိုပြန်ရောင်း တဲ့အခါ ကေဂျီအချိန်နဲ့ပြန်ရောင်းရတယ်..။ မြည်းလှပြီး ကျန်းမာရေးကောင်းတယ်ဆိုရင် တစ်ကေဂျီကို တရုတ်ယွမ်ငွေ ဆယ့်ရှစ်ယွမ်ကနေ နှစ်ဆယ်အထိ ရကြတယ်…” ဟု လွယ်ကျယ်နယ်စပ်ဒေသ တွင်မြည်းဝယ်ရောင်း လုပ်ကိုင်နေသူ ပွဲစားတစ်ဦးက ပြောပြသည်။
ထိုသူမှ ဆက်လက်၍ ပြောပြရာတွင် မြန်မာနိုင်ငံဘက်မှ ဈေးကောင်းပေး၍ ၀ယ်ယူသောမြည်းများအား တရုတ်တိုင်းရင်းဆေးဝါး ဖော်စပ်ရာတွင် အခြေခံကုန်ကြမ်းအဖြစ် အသုံးပြုလေ့ရှိကြောင်း သိရသည်။ မည်သည့် ဆေးဝါးဖော်စပ်ရာတွင် အဓိကထား အသုံးပြုသည်ကို ထိုသူမှ ပြောကြားခဲ့ခြင်းမပြုပေ..။
“ ကလေးမြို့ဘက်မှာတော့ မြည်းအရောင်းအ၀ယ်တွေဖြစ်တယ်..။ မနေ့က မြည်းပွဲစားတစ်ဦးကို မြည်းတွေနဲ့အတူ သက်ဆိုင်ရာရဲတွေက ဖမ်းဆီးသွားခဲ့ပါတယ်..” ဟု ကလေးမြို့ချမ်းမြေ့အောင်စည် ရပ်ကွက်နေ ဒေသခံပြည်သူတစ်ဦးမှ ပြောပြသည်။
ယခုလ ၁၇ ရက်နေ့ည ၁၀ နာရီခွဲအချိန်က ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ(၁၂)၊ သစ်စက်အနီးတွင် မြည်း(၁၈)ကောင်း၊ ကာလ ခန့်မှန်းတန်ဘိုး( ၂၁ ၂၀၀၀၀)ကျပ်အား ကလေးခရိုင်ဒုစ ရိုက်မှုအထူးနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ် သီဟ ဦးဆောင်သော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း ထိုအဖွဲ့တွင် လိုက်ပါခဲ့သည့် အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ ပြောပြသည်။
စစ်ကိုင်းတိုင်းဒေသကြီးမှ မန္တလေးတိုင်းဒေသကြီးသို့ တရားမ၀င်တိုင်းကျော် သယ်ယူပို့ဆောင်မည့် မြည်းများအား သယ်ဆောင်လာသူ ဦးတင်မြင့် ဆိုသူအား ကလေးမြို့မရဲစခန်းက(ပ) ၁၆၇/ ၂၀၁၄ အရေးကြီးကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှု ဥပဒေ ပုဒ်မ(၅)အရ အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း