အီရတ်နိုင်ငံ မဲဆွယ်ပွဲတွင် ဗုံးဆက်တိုက်ပေါက်ကွဲမှုကြောင့် လူ ၃၃ ဦး သေဆုံး

ပို့စ်တင်ချိန် - 4/26/2014 04:30:00 PM


အီရတ်နိုင်ငံမြို့တော် ဘက်ဒက်မြို့မှာ ဧပြီလ ၂၅ ရက်နေ့က ရှီဟိုက်နိုင်ငံရေးပါတီတခုရဲ့ မဲဆွယ်ပွဲမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး လူ ၃၃ ဦးသေဆုံးခဲ့ပါတယ်။

တိုက်ခိုက်မှုအတွက် အီရတ်-ဆီးရီးယား အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်ရေးအဖွဲ့ (ISIL) တာဝန်ခံထားပြီး ဆွန်နီးမွတ်စလင်တွေအပေါ် တိုက်ခိုက်မှုတွေအတွက် လက်တုန့်ပြန်တာ ဖြစ်တယ်လို့ အဖွဲ့ရဲ့ အင်တာနက်ဝက်ဆိုက်မှာ ဆိုထားပါတယ်။

ရှီဟိုက် စစ်သွေးကြွအဖွဲ့တခုဖြစ်တဲ့ Asaib Ahl Haq အဖွဲ့ရဲ့ နိုင်ငံရေးပါတီမဲဆွယ်ပွဲမှာ အရင်းဆုံး လမ်းဘေးဗုန်းတလုံး ပေါက်ကွဲခဲ့ပါတယ်။ ခဏအကြာမှာ အသေခံ ကားဗုန်းဖောက်ခွဲမှု ဖြစ်ပြီး မိနစ်အနည်းငယ်အကြာမှ နောက်ဆုံးပေါက်ကွဲမှုတခုဖြစ်ခဲ့ပါတယ်။ လူ ၆၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုဟာ နောက်အပတ် ဧပြီလ ၃၀ ရက်နေ့မှာ ကျင်းပတော့မယ် အီရတ်နိုင်ငံ ပါလီမန်ရွေးကောက်ပွဲမကျင်းပခင် နောက်ဆုံးတိုက်ခိုက်မှုဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်ဟာ အီရတ်နိုင်ငံမှာ ရှီဟိုက်-ဆွန်နီ အပြန်အလှန်တိုက်ခိုက်မှုတွေအတွင်း လူ ၈၈၀၀ ကျော် သေဆုံးခဲ့တာကြောင့် လူအသေအပျောက်အများဆုံးနှစ်တနှစ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၄ ပထမနှစ်လထဲမှာတင် လူ ၁၄၀၀ ကျော် သေဆုံးခဲ့ပါတယ်။

အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပေမယ့် အီရတ်နိုင်ငံရဲ့ ရှီဟိုက်ဝန်ကြီးချုပ်ဖြစ်တဲ့ နိုရီ အယ် မာလီကီကတော့ သူ့ရဲ့တတိယမြောက် ၀န်ကြီးချုပ်သက်တမ်းအတွက် ဧပြီ ၃၀ ရွေးကောက်ပွဲမှာ ၀င်ရောက် အောင်ပွဲခံအုံးမယ်လို့ ဆိုပါတယ်။

DVB Burmese