မြန်မာ၁၀၀ကျော် ထိုင်းတွင် အဖမ်းခံရ

ပို့စ်တင်ချိန် - 4/05/2014 04:42:00 PM


ဗန်ကောက်၊ ဧပြီ-၎

ထိုင်းနိုင်ငံ တက်ခ်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၏ ကင်းထောက် စစ်ဆင်ရေးတစ်ရပ်ကြောင့် မြန်မာနိုင်ငံသား တရားမ၀င် ရွှေ့ပြောင်းဝင်ရောက်သူ ၁၀၀ ကျော်နှင့် လူမှောင်ခိုကူးဂိုဏ်းဝင် သုံးဦးတို့အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ ကြောင်း ဧပြီ ၄ ရက် သတင်းများတွင် ဖော်ပြသည်။

မြန်မာရွှေ့ပြောင်းဝင်ရောက်သူ ၁၀၄ ဦးကို ဗင်ကားနှစ်စီးဖြင့် တင်ဆောင်ကာ တက်ခ်ပြည်နယ်ကိုဖြတ်သန်း၍ ဗန်ကောက်မြို့တော်သို့ ခေါ်ယူသွားရန် လူမှောင်ခိုဂိုဏ်းတစ်ဂိုဏ်းက ကြိုးပမ်းမည်ဟူသော သတင်း များအရ တက်ခ် ပြည်နယ် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့သည် စစ်ဆင်ရေး တစ်ရပ်ကို ဧပြီ ၃ ရက် တွင် စတင်ခဲ့ရာ ဧပြီ ၄ ရက်တွင် အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲက ပြောကြားသည်။

ကင်းထောက်စစ်ဆင်ရေးအတွင်း ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ ၀င်များသည် တက်ခ်ခရိုင် သစ်တောနယ်မြေအတွင်းရှိ လူမနေသော တဲဟောင်းတစ်လုံးဆီသို့ ဦးတည်မောင်းနှင်လာသော ဗင်ကားနှစ်စီးအား ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထား သည်။
ယင်းဗင်ကားနှစ်စီးကို ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးခဲ့ရာ ပထမဗင်ကား ပေါ် တွင် မြန်မာရွှေ့ပြောင်းဝင်ရောက်သူ အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၁၆ ဦး၊ ဒုတိယဗင်ကားပေါ်တွင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၂၀ တို့ကို ရှာဖွေတွေ့ရှိ ခဲ့ရသည်။

အလားတူ ထိုင်းတာဝန်ရှိသူများသည် ဗင်ကားနှစ်စီးဝင်ရောက်ခဲ့ရာ တဲအိမ် သို့ သွားရောက်ရှာဖွေခဲ့ရာ ပုန်းအောင်းနေသော တရားမ၀င် ရွှေ့ပြောင်း ၀င်ရောက် သူ ၂၈ ဦးအား ထပ်မံတွေ့ရှိခဲ့ ရကြောင်း သိရသည်။
ကြားဖြတ် ဖမ်းဆီးခံခဲ့ရသော မြန်မာတရားမ၀င်ရွှေ့ပြောင်း ၀င်ရောက် သူအချို့၏ ထိုင်းရဲတပ်ဖွဲ့အားပြောကြားချက်အရ အလုပ်အကိုင်ရှာဖွေ ရေးအတွက် ထိုင်းနိုင်ငံတွင်း ၀င်ရောက်နိုင်ရန် လူမှောင်ခိုဂိုဏ်းကို တစ်ဦးလျှင် ဘတ်ငွေ ၁၃၀၀၀ မှ ၁၅၀၀၀ အကြားပေးခဲ့ရကြောင်း သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ