တောမီးရှို့မှုကြောင့် သဘာဝရှုခင်းများပျက်စီးသဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထိခိုက်

ပို့စ်တင်ချိန် - 4/25/2014 02:54:00 PM


သီပေါ၊ ဧပြီ ၂၅။

မြန်မာနိုင်ငံသို့လာရောက်သည့် ကမ္ဘာလှည့်ခရီးသွားများ ခြေလျင်တောင်တက်ခရီးအဖြစ်အပန်းဖြေရန်လာရောက်လည်ပတ်လေ့ရှိသည့်
သီပေါဒေသတွင် တောင်ယာစိုက်ပျိုးနိုင်ရန်အတွက် သစ်တောများခုတ်ထွင်မီးရှို့မှုကြောင့် ဒေသအတွင်းလာရောက်သည့် ကမ္ဘာလှည့်ခရီးသွားများ အကြားတွင် ဝေဖန်မှုများရှိနေသဖြင့် ရေရှည်တွင်ခရီးသွားလာရောက်မှု လျော့နည်းသွားနိုင်ကြောင်း ဧည့်လမ်းညွှန်များထံမှ သတင်းရရှိသည်။

ကမ္ဘာလှည့်ခရီးသွားအများစုမှာ သီပေါဒေသသို့ရောက်လျှင် တောင်ပေါ်ပန်ခမ်ပလောင်ကျေးရွာများသို့ ညအိပ်ခြေလျင်ခရီးအဖြစ် သွားရောက်လေ့ရှိပြီး
အများစုမှာ သစ်တောများစိမ်းလန်းစိုပြေ၍ သဘာဝရှုခင်းများအား မှတ်တမ်းတင်ရန် တောင်ပေါ်ပလောင်တိုင်းရင်းသားကျေးရွာအတွင်းရှိ
တိုင်းရင်းသားတို့၏ လူနေမှုဘဝစသည့် သဘာဝအချက်အလက်များကို အဓိကထားလေ့လာကြခြင်းဖြစ်ရာ တောင်ပေါ်ဒေသသွားလမ်းတစ်လျှောက်
အဆိုပါ တောမီးရှို့မှုများကြောင့် သဘာဝခရီးသွားများအကြားတွင် စိတ်ပျက်ဝေဖန်သံများ ထွက်ပေါ်နေကြောင်း ဒေသခံ ဧည့်လည်းညွှန်များက ပြောသည်။

“တောင်ပေါ်ပန်ခမ်ပလောင်ကျေးရွာ ခြေလျင်ခရီးက ကလောမြို့ခရီးစဉ်အရှေ့မှာရှိတယ်၊ သြစတြေးလျအခြေစိုက်ထုတ်ဝေတဲ့ Lonely Planet Guide Book မှာ
မြန်မာပြည်တွင်းလည်ပတ်စရာများ Top Ten စာရင်းထဲမှာ ဒီဒေသကနံပါတ်(၈)နေရာမှာရှိနေတယ်၊ အခုလိုတောတွေခုတ်လိုက်တော့ ကမ္ဘာလှည့်ခရီးသွားတွေအကြား ကသိကအောက်ဖြစ်နေတယ်၊ အရင်ကလာဖူးတဲ့ကမ္ဘာလှည့်ခရီးသွားတွေက သီပေါရောက်အောင်သွားဖို့ ပြောခဲ့တာ၊ အခုကျတော့ပုံစံတစ်မျိုးဖြစ်နေလို့
ကမ္ဘာလှည့်ခရီးသွားတွေ ကြားမှာလည်း မကောင်းဘူးဖြစ်နေတယ်လို့ သြစတြေးလျနိုင်ငံသားတွေက ဝေဖန်သွာတာမျိုးရှိတယ်”ဟု ဒေသအတွင်း ခရီးသွား
ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေသူ ကိုအောင်နိုင်ကပြောသည်။

တောင်ယာစိုက်ပျိုးသူများအနေဖြင့် ယခင်နှစ်များတွင် ပြောင်းဈေးကောင်းခဲ့သဖြင့် ယခုနှစ်တွင် တောင်ယာပိုမိုခုတ်ထွင်မှု ပိုမို ပြုလုပ်နေခြင်းလည်း ဖြစ်သည်။

သီပေါဒေသသို့လာရောက်သည့် ကမ္ဘာလှည့်ခရီးသွားများမှာဒေသအတွင်းရှိ ရှေးဟောင်းသမိုင်းဝင်ဘုရားစေတီများ၊ သီပေါဟော်နန်း၊ သီပေါချောင်းဆုံဒေသသို့ သွားရောက်လည်ပတ်ကြသကဲ့သို့ တောင်ပေါ်ခြေလျင်တောင်တက်ခရီးကိုမူ လာသမျှကမ္ဘာလှည့်ခရီးသွားများက အဓိကထားသွားရောက်ကြကြောင်း သိရှိသည်။

ခရီးသွားလာရောက်မှု များပြားလာသဖြင့် ယခင်နှစ်ကသီပေါမြို့တွင် Guide Book စာရင်းဝင် ဟိုတယ် သုံးလုံး သာရှိခဲ့ရာမှ ယခုနှစ်တွင် ဟိုတယ်အသစ် (၇)လုံး
အပြင် နောက်ထပ် ဟိုတယ်အသစ် လေးလုံး ကိုလည်း တိုးချဲ့ဆောက်လုပ်လျက်ရှိနေကြောင်း သိရသည်။

စိုင်းကံသာ (လားရှိုး)

The Myanma Age