စက်မှု (၁) အဆောက်အအုံ နံရံ ပြိုကျရာမှ သံဃာတစ်ပါး ပျံလွန်၊ တစ်ပါး ဒဏ်ရာရ

ပို့စ်တင်ချိန် - 4/29/2014 03:46:00 PM


ရန်ကုန်၊ ဧပြီ ၂၈

လှိုင်မြို့နယ် အမှတ် (၁၃) ရပ်ကွက်တွင် ဧပြီလ ၂၈ ရက် နံနက် ၃ နာရီခွဲခန့်က အုတ်ကျင်း ဘူတာရုံလမ်းရှိ အမှတ် (၁) စက်မှုဝန်ကြီးဌာနပိုင် အဆောက်အအုံ နံရံတွင် ကပ်ပေါက်နေသော ညောင်ပင် ပြိုလဲရာမှ အုတ်နံရံ အချပ်လိုက် ပြိုကျခဲ့ပြီး အနီးရှိ ဘုန်းကြီးကျောင်းဆောင်အပေါ် ပိမိသဖြင့် သံဃာတစ်ပါး ပျံလွန်တော်မူခဲ့ပြီး တစ်ပါးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရှိရသည်။

လွယ်ဟိန်းကုမ္ပဏီက ငှားရမ်းထားသော အဆိုပါ အမှတ် (၁) စက်မှုဝန်ကြီးဌာနပိုင် ဘီစကစ်စက်ရုံခွဲ (၂) ၏ နံရံတွင် ကပ်ပေါက်နေသော နှစ်ပေါင်း ၆၀ ခန့်ရှိသည့် ညောင်မုတ်ဆိတ်ပင် ပြိုလဲခဲ့ရာမှ အလျားပေ ၁၂၀၊ အမြင့် ၂၅ ပေ ခန့် ရှိသော အုတ်နံရံ အချပ်လိုက် ပြိုကျခဲ့ကြောင်း ယင်းသို့ ပြိုကျစဉ် ယင်းအဆောက်အအုံ အနီးရှိ ဇေယျမင်္ဂလာ ကျောင်းတိုက်အပေါ် ပိမိရာမှ ကျောင်းဆောင်အတွင်း ကျိန်းစက်နေသော သံဃာနှစ်ပါးအနက် တစ်ပါး ပျံလွန်တော်မူခဲ့ပြီး တစ်ပါးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း အမှတ် (၁၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက ပြောကြားသည်။

“တစ်ထပ်ကျောင်းဆောင်ရဲ့ အိပ်ဆောင် အခန်းဘက်အပေါ် ညောင်ပင်နဲ့ အုတ်နံရံ အချပ်လိုက် ပြိုကျခဲ့တာ။ အိပ်ဆောင်ထဲမှာ ကျိန်းနေတဲ့ သံဃာတစ်ပါးက ကျောင်းခေါင်မိုး သစ်သားတန်းတွေကြား ခေါင်းညပ်ပြီး ပျံလွန်တော်မူသွားတယ်။ နောက်တစ်ပါး ကျိန်းနေတဲ့ နေရာက ပြိုကျတဲ့ အုတ်နံရံချပ်ကို ညောင်ကိုင်းက သွားထောက်ပြီး အောက်ကို မပိမိအောင် သွားတင်နေတာကြောင့် အသက်ဘေးက လွတ်ခဲ့တာ” ဟု ၎င်းက ရှင်းပြသည်။

ညောင်ပင်နှင့် အုတ်နံရံအချပ်လိုက် ကျောင်းဆောင်ပေါ် ပိမိခဲ့သောကြောင့် သက်တော် ၅၀၊ ဝါတော် ၇ ဝါ ရှိသော ဦးစန္ဒောဘာသမှာ ဦးခေါင်းတစ်ခြမ်း ပိန့်ချိုင့်ကာ ပျံလွန်တော်မူခဲ့ပြီး သက်တော် ၄၀၊ ဝါတော် ၇ ဝါ ရှိသော ဦးခေမာသီရိမှာ တံတောင်ဆစ် ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ကြောင်း လှိုင်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ခုပြိုကျတဲ့ ဘီစကစ် စက်ရုံဟောင်းက ရပ်ထားတာ နှစ်ပေါင်း ၄၀ လောက်ရှိပြီ။ ပြီးတော့ ဒီစက်ရုံဟောင်းရဲ့ နံရံမှာ ကပ်ပေါက်နေတဲ့ ညောင်မုတ်ဆိတ်ပင်က သက်တမ်း မနည်းတော့ဘူးလေ။ အုတ်နံရံမှာ တွယ်ကုတ်ထားတဲ့ အမြစ်တွေ တဖြည်းဖြည်း ကျွတ်ထွက်ပြီး အပင်ပြိုလဲရာက အုတ်နံရံပါ အချပ်လိုက်ပြိုပြီး ဘုန်းကြီးကျောင်းပေါ် ပိမိတာ” ဟု ယင်းဘုန်းကြီးကျောင်းဝင်းအနီး နေထိုင်သူ အသက် ၆၀ ခန့်ရှိသော အမျိုးသားတစ်ဦးက ပြောကြားသည်။

ကျောင်းဆောင်အပေါ် အုတ်နံရံ ပြိုကျခဲ့ရာမှ ပျံလွန်တော်မူခဲ့သော ဦးစန္ဒောဘာသ၏ ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပီအာရ် ၀၇၃ ဖြင့် ပို့အပ်ထားပြီး လှိုင်မြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၇/ ၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

ဧပြီလ ၂၆ ရက် ညနေ ၄ နာရီက အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အလုံလမ်းနှင့် ဧရာဝတီလမ်းထောင့်ရှိ ဖြိုဖျက်နေသော နှစ်ထပ်တိုက် အဆောက်အအုံ၏ ပထမထပ်ရှိ ၁၅ လက်မခန့် ထုထည်ရှိသော အုတ်နံရံ အချပ်လိုက် ပြိုကျခဲ့ရာမှ တိုက်ဖြိုနေသော အလုပ်သမား သုံးဦး သေဆုံးခဲ့ကြောင်း အလုံမြို့မ ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly