ဗင်နီဇွဲလား အစိုးရဆန့်ကျင် ဆန္ဒပြသမားများနှင့် အဓိကရုဏ်း နှိမ်နင်းရေး ရဲအဖွဲ့ ထိပ်တိုက်တွေ့

ပို့စ်တင်ချိန် - 4/13/2014 04:47:00 PM


ဗင်နီဇွဲလား နိုင်ငံ ကာရာကက်စ်မြို့မှာ အစိုးရဆန့်ကျင် ဆန္ဒပြသမားတွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲအဖွဲ့တွေ ဧပြီ ၁၂ ရက်နေ့မှာ ထိပ်တိုက်တွေ့ကြပါတယ်။

နှစ်လကြာ သွေးထွက်သံယိုမှုနဲ့ နိုင်ငံရေး ထိပ်တိုက်တွေ့မှုတွေကို အဆုံးသတ်နိုင်ဖို့ အတိုက်အခံနဲ့ အစိုးရတို့ ဆွေးနွေးကြအပြီး နှစ်ရက်အကြာမှာ အခုလို ထိပ်တိုက်တွေ့ကြပြန်တာဖြစ်ပါတယ်။

ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ရေပိုက်သုံးပြီး ရေတွေနဲ့ ပက်ပြီး လူစုခွဲခဲ့တဲ့အခါ ဆန္ဒပြသမားတွေကလည်း ကျောက်တုံးတွေ၊ မျက်ရည်ယို ဗုံးတွေနဲ့ ရဲတွေကို ပြန်ပစ်ခဲ့ကြပါတယ်။

အစိုးရက ငြိမ်းချမ်းစွာ ဆန္ဒပြနေတာကို တားဆီးတိုက်ခိုက်နေတယ်လို့ ဆန္ဒပြသမား တယောက်က ပြောပါတယ်။ အခု ဆန္ဒပြနေတာ လူငယ်တွေကို ကိုယ်စားပြုတယ်။ လေအေးပေးစက် တပ်ထားတဲ့ အခန်းထဲမှာ အစိုးရနဲ့ စကားပြောနေတဲ့ လူတွေနဲ့ ဘာမှ မဆိုင်ဘူးလို့ ဆန္ဒပြသမား နောက်တယောက်ကလည်း ပြောပါတယ်။

ဧပြီလ ၁၀ ရက်နေ့ ဆွေးနွေးပွဲမှာ ဗင်နီဇွဲလား သမ္မတ နီကိုလက်စ် မာဒူရိုက အတိုက်အခံတွေကို မျှော်လင့်ချက်တွေနဲ့ တောင်းဆိုချက်တွေကို အချိန်ကာလနဲ့ လိုက်လျှောညီထွေဖြစ်ဖို့ သတိပေးခဲ့ပါတယ်။

သမ္မတ မာဒူရိုနဲ့ အတိုက်အခံတွေဟာ အရင်ကလည်း တွေ့ဆုံခဲ့ပေမယ့် ဧပြီလ ၁၀ ရက်နေ့ ဆွေးနွေးပွဲမှာတော့ မနှစ် သမ္မတ ရွေးကောက်ပွဲမှာ မာဒူရိုကို ကပ်ပြီး ရှုံးနိမ့်ခဲ့တဲ့ သမ္မတလောင်း ဟင်ရစ် ကက်ပရေးလီ ကိုယ်တိုင် တက်ရောက်တဲ့ ပထမဆုံး ဆွေးနွေးပွဲဖြစ်ပါတယ်။

၆ နာရီကြာတဲ့ ဆွေးနွေးပွဲနဲ့ တချိန်တည်းမှာ လမ်းမတွေမှာ ထိပ်တိုက်တွေ့မှုတွေကလည်း ဆက်ဖြစ်နေပါတယ်။ ဧပြီလ ၁၀ ရက်နေ့မှာ ရဲက သေနတ်နဲ့ပစ်လို့ ဆန္ဒပြသမား နောက်တယောက် သေဆုံးခဲ့လို့ အခုအထိ သေဆုံးသူ ၄၁ ယောက်၊ ဒဏ်ရာရသူ ၆၅၀ ကျော် ရှိသွားပါပြီ။ ဆန္ဒပြသမားတွေ ဒါဇင်နဲ့ချီပြီး ဖမ်းဆီးထောင်ချခံထားရပါတယ်။

တချို့ သဘောထားတင်းမာတဲ့ နိုင်ငံရေး အတိုက်အခံ အုပ်စုတွေကလည်း ဧပြီလ ၁၀ ရက်နေ့ ဆွေးနွေးပွဲကို မတက်ရောက်ပဲ သပိတ်မှောက်ခဲ့ကြပါတယ်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို မလုပ်ဆောင်ရင် နိုင်ငံရေးတည်ငြိမ်မှု မရနိုင်ဘူးလို့ ကက်ပရေးလီက သတိပေးခဲ့ပါတယ်။ နှစ်ဖက် ခေါင်းဆောင်တွေဟာ ဧပြီလ ၁၅ ရက်နေ့ကျရင် ထပ်တွေ့ဖို့ ရှိပါတယ်။

DVB Burmese