တောင်နှင့် မြောက်ကိုရီးယား နယ်စပ်ရေပြင်တွင် အပြန်အလှန်ပစ်ခတ်

ပို့စ်တင်ချိန် - 4/01/2014 07:02:00 PM


ဆိုးလ်၊ မတ် ၃၁

နျူကလီးယား ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိသော မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့သည် တနင်္လာနေ့က နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

စစ်ရေးလေ့ကျင့်မှု ပြုလုပ်လျက် ရှိသော မြောက်ကိုရီးယားက တောင်ကိုရီးယား ရေပြင်ပိုင်နက် အတွင်းသို့ အမြောက်များဖြင့် ပစ်ခတ်သည်ကို တုံ့ပြန်သည့်အနေနှင့် တောင်ကိုရီးယားက ပြန်လည် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောကြားသည်။

“မြောက်ကိုရီးယားက ပစ်တဲ့ လက်နက်ကျည်တွေ ကျွန်တော်တို့ ပိုင်နက်ထဲကို ကျလာတဲ့အတွက် ကျွန်တော်တို့ဘက်ကလည်း ပြန်လည် ပစ်ခတ်ခဲ့ပါတယ်” ဟု တောင်ကိုရီးယားပူးတွဲ ကာကွယ်ရေးဦးစီးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။

ယင်းသို့ အပြန်အလှန် ပစ်ခတ်ရာတွင် မည်သည့်ပစ်မှတ်ကို ပစ်ခတ်ခဲ့ကြောင်းကိုမူ နှစ်ဖက်စလုံးက ပြောကြားခြင်း မရှိပေ။

တောင်နှင့် မြောက်ကိုရီးယား နယ်စပ်ရှိ တောင်ကိုရီးယား Baengnyeong ကျွန်းနေ ပြည်သူများကို ကြိုတင် ကာကွယ်သည့်အနေနှင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းလိုက်ကြောင်း တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူများက ပြောကြားသည်။

မြောက်ကိုရီးယားသည် ပုံစံသစ် နျူကလီးယား စမ်းသပ်မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ပြောဆိုအပြီး နောက်တစ်ရက်တွင် မြောက်ကိုရီးယားက စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့၏ အနောက်ဘက်တွင် ရှိသော ပင်လယ်ဝါရှိ နယ်စပ်ဧရိယာသည် ယခင် အတိတ်ကာလတုန်းကလည်း နှစ်ဖက်ပဋိပက္ခ ဖြစ်ပွားလေ့ရှိသော နေရာတစ်ခု ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် မြောက်ကိုရီးယားသည် နှစ်နိုင်ငံ နယ်စပ်အနီးရှိ တောင်ကိုရီးယား ကျွန်းတစ်ကျွန်းပေါ်သို့ မြောက်ကိုရီးယားက အမြောက်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လူလေးဦး သေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံ စစ်မက်ဖြစ်ပွားမည့် အရေးအတွက် စိုးရိမ်ခဲ့ရသည်။

မြောက်ကိုရီးယားသည် ယခင်က ပြုလုပ်သော စစ်ရေးလေ့ကျင့်မှုများကို ကြိုတင် အသိပေးခြင်း မရှိဘဲ ပြုလုပ်လေ့ ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ ကြိုတင် အသိပေးမှု ပြုလုပ်ခြင်းသည် မြောက်ကိုရီးယား၏ ရန်လိုသော ရည်ရွယ်ချက်ကို ဖော်ပြနေခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝီယောင်ဆောက်က ပြောကြားသည်။

မြောက်ကိုရီးယားသည် လက်ရှိ ပြုလုပ်လျက်ရှိသော တောင်ကိုရီးယားနှင့် အမေရိကတို့၏ စစ်ရေးလေ့ကျင့်မှုကို ကန့်ကွက်သည့်အနေနှင့် လွန်ခဲ့သော သီတင်းပတ်အတွင်း တာတိုနှင့် တာလတ်ပစ် တိုက်ချင်းပစ် ဒုံးကျည်များကို ပစ်ခတ် စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

The Voice Weekly