ဂျာမနီအသင်းကိုအားပေးမည့် အလုပ်သမားများကို အလုပ်ချိန်နောက်ကျခွင့်ပေးရန် အလုပ်ရှင်များအား ဂျာမနီနိုင်ငံတော်အကြီးအကဲများတိုက်တွန်း

ပို့စ်တင်ချိန် - 4/23/2014 06:42:00 PM



အောင်ငြိမ်းသွေး

ဂျာမနီ၊ ဧပြီ ၂၃

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျာမနီအသင်းကို အားပေးမည့်အလုပ်သမားများကို အလုပ်ချိန်နောက်ကျခွင့်ပေးရန် အလုပ်ရှင်သူဌေးများအား ဂျာမနီနိုင်ငံတော်အကြီးအကဲများက တိုက်တွန်းပြောကြားလိုက်သည်။ ဂျာမနီနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့၏ဒေသစံတော်ချိန်ကွာဟမှုကြောင့် ဂျာမနီအလုပ်သမားများမှာ ကမ္ဘာ့ဖလားပွဲစဉ်များကို အားပေးမည် ဆိုပါက ထိခိုက်မှုများရှိလာနိုင်မည်ဖြစ်သည်။ ဘရာဇီးတွင်ကျင်းပမည့် ပွဲစဉ်များသည် ဂျာမနီတွင် ညသန်းခေါင်အချိန်ကျရောက်နေမည်ဖြစ်သည်။ ဂျာမနီနိုင်ငံရှိ သတ္တုတူးဖော်ရေးလုပ်ငန်း၊ ဓာတုဗေဒဆိုင်ရာလုပ်ငန်းများနှင့် စွန့်ပစ်ပစ္စည်းများပြန်လည် သန့်စင်ရေးလုပ်ငန်းများသည် နံနက် ၆ နာရီတွင်လုပ်ငန်း ခွင်ဝင်ရသည့်အတွက် ထိုလုပ်ငန်းများရှိအလုပ်သမားများမျာ အခက်အခဲများနှင့်ပိုမိုရင်ဆိုင်ရဖွယ်ရှိသည်။

အဖွဲ့ဝင်ပေါင်းသုံးသိန်းခွဲကျော်ရှိသည့်ဂျာမနီကုန်သည်ကြီးများအသင်း၏အကြီးအကဲရောဘတ်ဖီဂါ က “ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလအတွင်းမှာ အလုပ်ချိန်ကို အနည်းငယ်ပြောင်းလဲပေးပြီး အလုပ်ရှင်တွေအနေနဲ့ သူတို့ရဲ့ စိတ်သဘောထားပြည့်ဝမှုကို သက်သေပြသင့်ပါတယ်။ ဂျာမနီအသင်းရဲ့ပွဲပြီးချိန်က နောက်ကျတဲ့အတွက် အလုပ်သမားတွေအနေနဲ့ အလုပ်ချိန်အနည်းငယ် နောက်ကျနိုင်ပါတယ်”ဟု ပြောဆိုခဲ့သည်။

ဂျာမနီကုန်သည်ကြီးများအသင်း၏အကြီးအကဲတစ်ဦးဖြစ်သူဗက်စ်ဆီလီယာဒစ်ကလည်း အလုပ်သမားကောင်စီနှင့် အလုပ်ရှင်များ တွေ့ဆုံဆွေးနွေးသင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။Bild သတင်းစာ၏ဖော်ပြမှုအရ အချို့သော အလုပ်ရှင်အဖွဲ့အစည်းများသည်
နိုင်ငံတော် အကြီးအကဲများ၏တောင်းဆိုမှုကို သဘောတူညီခဲ့ပြီးဖြစ်သည်ဟု သိရသည်။

ဂျာမနီနိုင်ငံ၏အကြီးအကဲများသည် ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ညည့် အချိန်များ၌ အများပြည်သူပိုင်နေရာများ တွင် ပြည်သူများလွတ်လပ်စွာ
နေထိုင်သွားလာခွင့်ကို ခွင့်ပြုထားပြီးလည်းဖြစ်သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးနှင့် ဂျာမနီ အသင်းကိုအားပေးကြရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။

ရည်ညွှန်း ယဟူးစပေါ့
Mizzima Burmese