ရေကျော်ဗလီ မီးလောင်မှု၊ ဗလီဆရာ ၂ ဦးကို ထောင်ဒဏ် ၈ နှစ်စီချမှတ်

ပို့စ်တင်ချိန် - 4/24/2014 10:26:00 PM


မီးလောင်မှု ဖြစ်ပွားစဉ်က

ပြီးခဲ့တဲ့နှစ်၊ ဧပြီ ၂ ရက်နေ့ မနက်အစောပိုင်းက  ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်  (၄၈) လမ်းမှာရှိတဲ့ ရေကျော်ဗလီ မီးလောင်မှုကြောင့် ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ရမှုအတွက်  အပြစ်ရှိတယ်ဆိုပြီး တာဝန်ခံဗလီ ဆရာ နှစ်ယောက်ကို ထောင်ဒဏ် ၈ နှစ်စီ ကျခံစေဖို့ ဗိုလ်တထောင်တရားရုံးက ဒီနေ့ အမိန့်ချလိုက်ပါတယ်။

ဗလီဆရာတွေဖြစ်တဲ့  ဦးဇေယျာဖြိုးနဲ့ ဦးခင်မောင်အေးကို မီးလောင်မှု နဲ့ လူသေမှုတွေ အတွက် အမှုဖွင့်အရေးယူခဲ့ တာဖြစ်ပြီး ပြစ်ဒဏ် ၈ နှစ်စီ ချမှတ်ခဲ့တယ်လို့ တရားခံရှေ့နေဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်မြင့် က ပြောပါတယ်။

မီးလောင်မှုဖြစ်စဉ်ဟာ မကြံစည်ပဲ ဖြစ်ခဲ့တာဖြစ်ပြီး ဒီလိုပြစ်ဒဏ်ချမှတ်လိုက်တဲ့အပေါ်မှာ အယူခံ ဆက်ဝင်သွားမယ်လို့လည်း တရားလွှတ်တော်ရှေ့နေ ဦးအောင်မြင့်က ပြောပါတယ်။

ဆော်ဒီတီးရား ရေကျော်ဗလီ ဘာသာရေးစာသင်ကျောင်းမှာ မီးလောင်ခဲ့မှုကြောင့် ဗလီမှာ ညအိပ် စာသင်နေတဲ့ ကျောင်းသား လူငယ်  ၁၃ ယောက်သေဆုံးခဲ့တဲ့အတွက် အဲဒီနေ့မှာပဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ချက်ချင်းဖွဲ့စည်းပြီး အရေးယူဆောင်ရွက်ခဲ့ပါတယ်။

အဲဒီနောက် မီးအားမြှင့်စက်အပူရှိန် လွန်ကဲရာက  မီးစလောင်တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပြီး   တစ်နှစ်ကျော်လောက် အကြာမှာ တာဝန်ခံဗလီ ဆရာ နှစ်ဦးကို ပြစ်ဒဏ်အမိန့် ချမှတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်