မိုင် ၁၆၀၀ လမ်းလျှောက် အဖွဲ့ခေါင်းဆောင် တရားစွဲခံရ

ပို့စ်တင်ချိန် - 4/15/2014 09:38:00 AM



Posted by RFA on April 14, 2014


ရန်ကုန်မြို့ကနေ ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံနားက တန်ဖဲကျေးရွာအထိ ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းဖို့အတွက် လမ်းလျှောက်ဆန္ဒပြသူတွေထဲက အဖွဲ့ခေါင်းဆောင် ကိုရဲထွဋ်ခေါင်နဲ့ သံဃာတော် ၂ ပါးကို မြို့နယ် ၆ မြို့နယ်က ပုဒ်မ ၁၈၊ တရားမ၀င် စီတန်းလှည့်လည်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။

တရားစွဲဆိုခံထားရတဲ့ ကိုရဲထွဋ်ခေါင်က ဧရာဝတီမြစ်ဆုံ အထိ ရောက်ရှိပြီးမှသာ မိမိတို့အနေနဲ့ အဲဒီအမှုကို တရားရင်ဆိုင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

“ခွင့်ပြုချက်မရဘဲ ဆန္ဒဖော်ထုတ်တဲ့အတွက်ကြောင့် ကျနော်အပါအဝင် ဦးဇင်းနှစ်ပါးကို ပဲခူးတိုင်းဒေသ ကြီးနဲ့ မန္တလေးတိုင်းဒေသကြီးမှာ တရားစွဲဆိုထား တာရှိပါတယ်၊ ကျနော်တို့က ငြိမ်းချမ်းရေး လမ်းလျှောက်ပြီးအပြန်မှ ရန်ကုန်မှာ အမှုရင်ဆိုင်ရမှာဖြစ်ပါတယ်”

ဧရာဝတီ မြစ်ဆုံလမ်းလျှောက်အဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လ၂၃ရက်နေ့မှာ ရန်ကုန်ကနေ စတင်ထွက်ခွာသွားတာဖြစ်ပြီး အခုမန္တလေးတိုင်း မြင်းခြံမြို့ကို ရောက်ရှိနေပါတယ်။

သင်္ကြန်ကာလဖြစ်တဲ့အတွက် မြင်းခြံမြို့ကနေ နှစ်ဆန်းတစ်ရက်နေ့မှာ ဆက်လက်လမ်းလျှောက်ကြမှာ ဖြစ်ကြောင်း သိရပါတယ်။ အခုလက်ရှိမှာ လမ်းလျှောက်ဆန္ဒပြသူအင်အား တစ်ရာကျော်ရှိနေပြီး မန္တလေးမြို့ကိုရောက်ရှိချိန်မှာ လမ်းတစ်လျှောက်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို သတင်းစာရှင်းလင်းပွဲလုပ်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

RFA