ရေမှုတ်တစ်ဖက် မီးစတစ်ဖက် ဆိုသည်မှာ . . . – မြတ်ဆွေ

ပို့စ်တင်ချိန် - 4/18/2014 02:56:00 PM


ယခုတစ်လော အပူဒဏ် ပြင်းထန်သဖြင့် စာရေးချင်စိတ်မရှိ။ နေ့စဉ်သတင်းစာနှင့် ဂျာနယ်များကိုပင် ကြိုးစားပမ်းစား ဖတ်နေရသည်။ သတင်းစာများကို ဖတ်နေရတော့ နိုင်ငံပိုင် သတင်းစာ ဆိုသော ကြေးမုံ သတင်းစာကို ဖတ်ရပြန်သည်။

ကြေးမုံသတင်းစာသည် ကနဦးက ပုဂ္ဂလိက သတင်းစာဖြစ်ရာ ထိုစဉ်ကပင် သတင်းစာ ၀ိုင်းတော်သားတစ်ဦး ဖြစ်ခဲ့သည်။ ကြေးမုံကို သံယောဇဉ်ရှိခဲ့သည်။ သို့သော် ပြည်သူပိုင် သိမ်းခံရသော ကြေးမုံသည် ပုံပန်း ပျက်သွားတော့သည်။ အမှန်က တော်လှန်ရေး အစိုးရသည် မိမိကိုယ်မိမိ ယုံကြည်လျှင် ၆၄ ခုနှစ်မှ စတင် ထုတ်ဝေသော တော်လှန်ရေး အစိုးရအာဘော် လုပ်သား ပြည်သူ့နေ့စဉ်ကို ယုံကြည် အားကိုးသင့်သည်။

ကြေးမုံ၊ ဗိုလ်တထောင်၊ မြန်မာ့ အလင်းစသော ပုဂ္ဂလိက သတင်းစာများကို လွတ်လပ်စွာ ယှဉ်ပြိုင် သင့်သည်။ သို့မဟုတ်ဘဲ တော်လှန်ရေး အစိုးရသည်သူများ နှာခေါင်းပေါက်နှင့် အသက်ရှူခြင်း ဖြစ်သည်။ ကြေးမုံသည် ပုဂ္ဂလိက လက်ထက်က လွတ်လပ်စွာ သတင်းရေးခြင်းဖြင့် အစွမ်းထက်ခဲ့သော လွတ်လပ်စွာ တွေးခေါ် ရေးသားမှုဖြင့် တောက်ပြောင်ခဲ့သော အရည်အသွေးတို့ ကျဆင်းသွားတော့သည်။

အဘယ့်ကြောင့်ဆိုလျှင် အစိုးရ သတင်းစာ ဖြစ်လာသောအခါ အစိုးရ၏ လုပ်ဆောင်ချက်များ၊ သတင်းများ၊ ကြေညာချက်များကိုသာ အဓိကဦးစားပေးသဖြင့် သတင်းစာ အရည်အသွေး ကျဆင်းရခြင်း ဖြစ်သည်။ သို့သော် ကြော်ငြာများဖြင့် စောင်ရေများစွာ ရှိခဲ့သော သတင်းစာ အစဉ်အလာအရ ဆက်လက် ရပ်တည် နေနိုင်ခြင်းသာ ဖြစ်သည်။ တိုးတက်ခြင်း မရှိပေ။

ယနေ့အချိန်အထိ နိုင်ငံပိုင် ကြေးမုံ သတင်းစာကိုပဲ ကြည့်ပါ။ ဘာများ တိုးတက်သနည်း။ အများသူငါ လူများစွာ ပါဝင်သော ဆန္ဒပြပွဲများ၊ လူထုက လက်ခံထားသော NLD အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လှုပ်ရှားမှု များသည် သတင်းများပင် ဖြစ်သည်။

အခြေခံဥပဒေ ပြင်ဆင်ရေး တောင်းဆိုမှုများသည် သတင်းများပင် ဖြစ်သည်။ သို့သော် အစိုးရသတင်း မဟုတ်၍ မထည့်ပေ။ ကြေးမုံလို သတင်းစာကြီးသည် အစိုးရပြန်တမ်းအဖြစ်က ဘာမှ တိုးတက်မှု မရှိပေ။

ယခုတစ်လောအတွင်း ကြေးမုံ၏ တိုးတက်မှု တစ်ခုရှိသည်ကိုတော့ တင်ပြလိုပေသည်။ အခြားမဟုတ်ပေ။ သတင်းပုဒ်တို တစ်ပုဒ်ပေါ်မှာ သတင်းတိုဟု ဖော်ပြခြင်းဖြစ်သည်။ သတင်းပုဒ်တို ၂ ပုဒ်ဆိုလျှင် သတင်းတိုများဟု ဖော်ပြသည်။ တော်တော် မှတ်သားစရာ ကောင်းပါသည်။

သတင်းစာဖတ်သူက သတင်းပုဒ်တိုကို မသိတာ ကျနေတာပဲ။ သတင်းပုဒ်တိုဟု ဖော်ပြပေးရသေးသည်။ အံ့ဖွယ်ကောင်းလေစွ၊ အံ့ဖွယ်သုတပါပဲဟု ပြောပါရစေ။ နိုင်ငံပိုင် သတင်းစာ၏ တိုးတက်မှုဆို၍ ဒါပဲ ပြောစရာ ရှိသည်။ ယခုအခါ ပုဂ္ဂလိက သတင်းစာအချို့ ထွက်နေကြ ပြီ။ သတင်းတွေက စုံလင်ပါသည်။ သတင်းစာဝါဒ ကလည်း မှန်သည်။ အစိုးရသတင်းစာ သတင်းများကို ထည့်သလို လူထုလှုပ်ရှားမှု ဆန္ဒပြပွဲသတင်းများ၊ စက်ရုံ အလုပ်ရုံ သပိတ်မှောက်သတင်းများ၊ တစ်ကိုယ်တော် ဆန္ဒပြသူသတင်းများကအစ အစုံအလင် ဖော်ပြကြသည်။

ထို့ကြောင့် ပုဂ္ဂလိက သတင်းစာများသည် သူ့နည်းသူ့ဟန်ဖြင့် ရပ်တည်နိုင်ကြသည်။ သို့သော် ရေရှည် ရပ်တည် ရန်မှာ မလွယ်။ ရှေ့က ပိတ်ထားသော နိုင်ငံပိုင် သတင်းစာကြီး နှစ်စောင်က ရှိနေသည်။

ပုဂ္ဂလိက သတင်းစာများကို ဒီမိုကရေစီ နိုင်ငံများနည်းတူ လွတ်လပ်စွာ ထုတ်ဝေခွင့် ပေးသည်ဆိုလျှင် နိုင်ငံပိုင် သတင်းစာဆိုတာ မရှိသင့်တော့ပါ။ အာဏာရှင်နိုင်ငံအချို့၊ ကွန်မြူနစ်နိုင်ငံအချို့၌သာ နိုင်ငံပိုင် သတင်းစာရှိပြီး ပြည်သူကို မျက်စိပိတ်ကြခြင်း ဖြစ်ပါသည်။

ဒီမိုကရေစီ နိုင်ငံအများအပြား၌ အစိုးရသတင်းစာ ထုတ်ဝေခြင်း မရှိဘဲ ပြည်သူကိုယ်စားပြု ပုဂ္ဂလိက သတင်းစာကိုသာ ခွင့်ပြုသည်။ မိမိတို့ နိုင်ငံတွင် သမ္မတကြီးက အစ ဒီမိုကရေစီစနစ်ဖြင့် ဆက်လက်ချီတက် သွားမည်။ မိဘပြည်သူတို့ အလိုဆန္ဒအရ ပြဿနာများကို ကိုင်တွယ် ဖြေရှင်းသွားမည်။ ပြည်သူလူထု အကျိုးမှတစ်ပါး အခြားမရှိ။ မကြာခဏ ပြောဆိုကြေညာလေ့ ရှိသည်။

ထိုသဘောထားများသည် လူကြားကောင်းရုံ စကားလုံးများအဖြစ် ပျောက်ကွယ် မသွားသင့်တော့ပေ။ စစ်မှန်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်မည်ဆိုလျှင် ဒီမိုကရေစီ အခင်းအကျင်းများ ပီပြင်စွာ ဆောင်ရွက် ပြသင့်သည်။

ဒီမိုကရေစီ နိုင်ငံများ၌ မရှိသော နိုင်ငံပိုင် သတင်းစာကို ရုပ်သိမ်းသင့်လေပြီ။ ဒီမိုကရေစီ လမ်းကြောင်းကို တကယ်သွားမည်ဆိုလျှင် ပထမဆုံး ပြုပြင်သင့်သော အချက်က နိုင်ငံပိုင် သတင်းစာများကို ရုပ် သိမ်းရေးပင် ဖြစ်သည်။

သည်လို မရုပ်သိမ်းသေးသမျှ ရေမှုတ်တစ်ဖက်၊ မီးစတစ်ဖက် လုပ်ရပ်များကို တွေ့နေရမည်သာ ဖြစ်သည်။ တစ်ဖက်က ရေမှုတ်ဖြင့် ပုဂ္ဂလိက သတင်းစာများကို ရှင်သန်ခွင့်ပေးပြီး တစ်ဖက်ကမီးစဖြင့် တို့မီးရှို့မီးလုပ် ရပ်မျိုး မရှိသင့်တော့ပေ။

ယခုအခါမှာ ပုဂ္ဂလိက သတင်းစာများ ရှေ့က နိုင်ငံပိုင် သတင်းစာကြီးတွေ ကာဆီးထားခြင်းမှာ သဘာဝ မကျပေ။ ပုဂ္ဂလိက သတင်းစာများအဖို့ ပေးကားပေး၏ မရ ဖြစ်နေရလေသည်။

ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတော် ချီတက်မည်ဆိုလျှင် ဒီမိုကရေစီ လမ်းခင်းပေးရပေမည်။ ယခုတော့ စစ်အာဏာရှင်ခေတ် လမ်းဟောင်းအတိုင်း နိုင်ငံပိုင် သတင်းစာတွေ ထားရှိနေဦးမည် ဆိုပါလျှင် မည်သို့သော နည်းဖြင့် ဒီမိုကရေစီလမ်းကြောင်း သွားနေပြီဟု ဆိုရပါမည်နည်း။

မလိုလားအပ်သော နိုင်ငံပိုင် သတင်းစာများကို ဆောလျင်စွာ ရုပ်သိမ်းပေးရေးသည်သာလျှင် အဓိက လိုအပ်ချက်ဖြစ်ကြောင်း တင်ပြလိုက်ရပါ၏။

Myanmar Thandawsint Newspaper