သင်္ကြန်တွင်း ယာဉ်စီးခပိုတောင်းသည့် ယာဉ်များကို အရေးယူမည်

ပို့စ်တင်ချိန် - 4/01/2014 04:24:00 PM


သင်္ကြန်ကာလအတွင်း ယာဉ်စီးခပိုတောင်းသည့် ယာဉ်များကို အရေးယူသွားမည်ဟု မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးလှအောင်က မတ် ၃၁တွင် မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့တွင်းတွင် နှစ်သစ်ကူး သင်္ကြန်ကာလအတွင်း ယာဉ်လိုင်း ၁၁၃ လိုင်းမှ ယာဉ်စီးရေ ၁,၆၂၈ စီး ပြေးဆွဲမည်ဟု ဆန္ဒပြုသောကြောင့် ပြေးဆွဲရန် ခွင့်ပြုထားပြီးဖြစ်ကာ အဆိုပါယာဉ်များက ယာဉ်စီးခ ပိုမို ကောက်ခံပါက အရေးယူသွားမည်ဖြစ်သည်။

ကော်မတီဥက္ကဋ္ဌ ဦးလှအောင်က “ခရီးသွားပြည်သူက တိုင်ကြားလာရင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ ခွင့်ပြု ထားတဲ့ပြစ်မှု၊ ပြစ်ဒဏ် ၁၃၈ ချက်အရ ဒဏ်ငွေသုံးသောင်းကို ယာဉ်ပိုင်ရှင်တွေက ပေးဆောင်ရမှာပါ၊ ပြစ် ဒဏ်ပေါ်မူတည်ပြီး လုပ်ငန်းလိုင်စင် တစ်လရပ်ဆိုင်းတဲ့အထိ အရေးယူသွားမှာပါ”ဟု ပြောသည်။

သင်္ကြန်ကာလအတွင်း ယာဉ်စီးခ ပိုမိုတောင်းခံခြင်းများရှိပါက မထသ(ဗဟို)ဖုန်းနံပါတ်- ၀၁ ၈၅၀၀၆၅၁ ကို ဆက်သွယ် တိုင်ကြားနိုင်မည် ဖြစ်သည်။

သင်္ကြန်ကာလအတွင်း ယာဉ်စီးခပိုမိုကောက်ခံခြင်းမပြုရန်၊ သတ်မှတ်လမ်းကြောင်းအတိုင်းမောင်းနှင်ရန်၊ အရက်သေစာသောက်စားမူးယစ်၍ မောင်းနှင်ခြင်းမပြုရန်၊ ယာဉ်အမိုးပေါ် ကုန်ပစ္စည်းတင်ဆောင်ခြင်း မပြုရန်၊ ယာဉ်ကို တွယ်စီးခြင်းမပြုရန်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးကို အထူးဂရုစိုက်ရန် မထသက ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ညွှန်ကြားထားမည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

နှစ်ကူးကာလအတွင်း ပြေးဆွဲမည့် အဝေးပြေးယာဉ်လိုင်းများအဖြစ် စည်းစိမ်ရှင်၊ မန်းရာဇာ၊ မန္တလာမင်း ယာဉ်လိုင်းများက ရန်ကုန်-မန္တလေးခရီးစဉ်နှင့် ရန်ကုန်-နေပြည်တော်-မန္တလေး-ပြင်ဦးလွင် ခရီးစဉ်များ အတွက် ယာဉ်စီးရေသုံးစီးဖြင့် ပိတ်ရက်မရှိ ပြေးဆွဲပေးရန်လည်း မထသက ခွင့်ပြုထားသည်။