အရက်အတူသောက်ရင်း စကားများရန်ဖြစ်ရာက လူသတ်အလောင်းဖျောက်ဖျက်သူအား (၁၀)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီး

ပို့စ်တင်ချိန် - 4/29/2014 09:07:00 AM



နေပြည်တော်၊ ဧပြီ ၂၈
၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ည ၆ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ၀က်ကသေးရွာနေ ဒေါ်သေးသေး(ခ)မခါမီ(၅၈)နှစ်သည် အပြင်သွားရာမှ နေအိမ်တဲသို့ပြန်လည်ရောက်ရှိစဉ် ခင်ပွန်းဖြစ်သူ ဦးအောင်မြင့်(၅၇)နှစ်အား မတွေ့ရှိသဖြင့် တဲနီးချင်းနေ ဦးမြင့်ဌေး၊ ဦးအောင်မင်းတို့အား အကူအညီတောင်းခံ၍ လိုက်လံရှာဖွေခဲ့ရာ တဲအနောက်ဘက် (၅၃)ပေခန့်အကွာ၊ အနက်(၄)ပေခွဲ၊ အချင်း(၃)ပေခန့်ရှိ အိမ်သာကျင်းအသစ်ထဲ၌ ဦးအောင်မြင့်အား ဇောက်ထိုးအနေဖြင့်ပြုတ်ကျနေပြီး သဲနှင့်အင်ဖက်များဖုံးအုပ်လျက် ခြေ(၂)ချောင်းမှာ ကျင်းအပြင်သို့ ပေါ်နေသည်ကို တွေ့ရှိရသဖြင့် ဆယ်ယူ၍ကြည့်ရှုရာ ဦးအောင်မြင့်အား ယာနဖူးကွဲ၊ ယာမျက်လုံး/ မျက်ခုံးပေါက်ပြဲ၊ ဦးခေါင်းနောက်စေ့ကြေမွဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး စုံစမ်းဖော်ထုတ် အရေးယူပေးရန် ၂၇-၄-၂၀၁၄ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်တွင် တိုင်တန်းခဲ့သောကြောင့် ကိုးပင် နယ်မြေရဲစခန်း(ပ)၁၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။ စစ်ဆေးချက်အရ ၂၆-၄-၂၀၁၄ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် ဦးအောင်မြင့်နှင့် တဲနီးချင်းနေ အောင်မင်း(ခ) အောင်ဇော်မင်း(၂၈)နှစ်တို့ ၂ ဦး အရက်အတူသောက်ရင်း စကားများရန်ဖြစ်ရာက အောင်မင်း(ခ) အောင်ဇော်မင်းမှ အရှည်(၂)တောင်ခန့်ရှိဝါးတုတ်နှင့် ဦးခေါင်းအားရိုက်သဖြင့် ဦးအောင်မြင့်လဲကျသွားစဉ် ကျောက်ခဲနှင့်ထုသတ်ပြီး အလောင်းအားဖျောက်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အောင်မင်း (ခ)အောင်ဇော်မင်းအား ၂၇-၄-၂၀၁၄ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် အမှုဖြင့်ဖမ်းဆီးအရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်