သင်္ကြန် အထူးစားဖွယ်တစ်ရပ် (သင်္ကြန်ထမင်း)

ပို့စ်တင်ချိန် - 4/09/2014 05:39:00 PM


သင်္ကြန် အထူးစားဖွယ်ဖြစ်တဲ့ သင်္ကြန်ထမင်းရဲ့ မူလကတော့ မွန်ပြည်နယ်ပါပဲ။ မြန်မာတို့ရဲ့ နှစ်ကူး သင်္ကြန်တွင်းမှာပဲ လုပ်စားကြတဲ့ အထူးစားဖွယ်တစ်ရပ်ပေါ့။ အထူးပြင်ဆင်ထားတဲ့ ထမင်း၊ ကြက်သွန် ရောကြော်ထားတဲ့ ငါးခြောက်ထောင်းကြော် ရွရွလေး နဲ့ သရက်သီး အစိမ်းသုတ် တို့ပါဝင်ပါတယ်။ သင်္ကြန်တွင်းမှာ ရိုးရာဓလေ့အရ ချက်ပြုတ်စားကြတဲ့အတွက် သင်္ကြန်ထမင်းလို့ခေါ်ပါတယ်။ တမူထူးခြားတဲ့ ထမင်းချက်နည်းလဲရှိပါတယ်။ စာဖတ်သူတွေအတွက် ချက်ပြုတ်နည်းကို ဝေငှပေးဖို့ ဆန္ဒရှိပါတယ်။

ပါဝင်ပစ္စည်းများ

ဆန် - နို့ဆီဗူး ၂လုံး

ငါးခြောက် ၁ပေါင်

ဆီ ၁၀အောင်စ

ကြက်သွန်ဖြူ အနည်းငယ်

နှမ်း စားပွဲတင်ဇွန်း ၃ဇွန်း

ငံပြာရည် စားပွဲတင်ဇွန်း ၂ဇွန်း

ပုဇွန်ခြောက် စားပွဲတင်ဇွန်း ၂ဇွန်း (သို့) ၃ဇွန်း

သရက်သီးစိမ်း ၃လုံး

စန္ဒကူးစ အနည်းငယ်

ပျားဖယောင်း ချပ် အနည်းငယ်

ဆန်ကို ဆေးပါ။ အိုးထဲထည့်ပြီး ရေဖြည့်ပြီး တည်ပါ။ ရေဆူလို့ ထမင်းကျက်ရင် ရေစစ်ပါ။ အဲ့ဒီ့နောက် ရေထပ်ထည့်ပြီး ရေစစ်တာကို နှစ်ကြိမ်လုပ်ပါ။ ကစီဓာတ်ထွက်ပြီး မွသွားအောင် ဖြစ်ပါတယ်။ နှစ်ကြိမ် ရေစစ်ပြီး ရင် အအေးခံပါ။

အိုးတစ်လုံးကို မီးသွေးငွေ့ငွေ့ပေါ်တင်ပြီး စန္ဒကူးစ နဲ့ ပျားဖယောင်းချပ်များ ထည့်ပါ။ ခဏတည်ပြီးပြီဆိုရင် ထမင်းကို ရောထည့်ပြီး သောက်ရေလောင်းထည့်ပါ။ တချို့က အိုးထဲကို ထမင်းနဲ့ရေ လောင်းမထည့်ခင်မှာ အိုးကို အ၀တ်စနဲ့ပိတ်ပါသေးတယ်။ စန္ဒကူးနဲ့ ပျားဖယောင်းရဲ့ ရနံ့ထွက်မသွားအောင်ပေါ့။ ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး သုံးဆောင်ဖို့အသင့်ပါပဲ။ တချို့က ထမင်းပန်းကန်ထဲက ရေပေါ်မှာ စံပယ်ပွင့်တွေနဲ့ အလှဆင်တာမျိုးရှိပါတယ်။ ရနံ့ထပ်ပေါင်းတာလည်း ဖြစ်ပါတယ်။

တွဲဖက် စားဖွယ်များ

ငါးခြောက်ထောင်းကြော်

ငါးခြောက်ကို နူးတဲ့အထိ ပြုတ်ပါ။ အရိုးနွှင်၊ အသားထွင်ပြီး ထောင်းဆုံ (သို့) ကျည်ပွေ့နဲ့ထောင်းပါ။ ဆီတစ်ဝက်ကို ကြက်သွန်ဖြူ ခပ်ကွဲကွဲထုပြီး ဆီသတ်ပါ။ ကြက်သွန်ဖြူ ကျက်ရင် ငါးခြောက်ထောင်းကို ထည့်ပြီး ရဲလာတဲ့အထိ ကြော်ပါ။ ကြက်သွန်နီ ၈လုံးကို လှီးပြီး ရွအောင်ကြော်ပါ။ ကျန်တဲ့ ကြက်သွန်နီတစ်ဝက်ကိုတော့ သရက်သီးစိမ်း သုတ်အတွက် ချန်ပြီး တစ်ဝက်ကို ငါးခြောက်ထောင်းကြော်နဲ့ ရောပါ။

သရက်သီးသုတ်

သရက်သီးကို လှီးပြီး ခြစ်နဲ့ခြစ်ပါ။ ရေဆေးပြီး စစ်ထားပါ။ ကြက်သွန်နီ အစိမ်းနဲ့ ငြုပ်သီးစိမ်းကို ပါးပါးလှီးပါ။ ပန်းကန်လုံးထဲထည့ပြီး သရက်သီး၊ ကြက်သွန်နီ၊ နှမ်းလှော်၊ ပုဇွန်ခြောက်မှုန့်၊ ငံပြာရည် တို့ကို ရောသုတ်ပါ။ စားသုံးမယ့် ပန်းကန်ထဲထည့်ပြီး အပေါ်ကနေ ကြက်သွန်နီကြော် ဖြူးပါ။

Trend Myanmar