ဧဝရက်တောင်ပေါ် မြန်မာနိုင်ငံအလံ စိုက်ထူဖို့ ရေခဲတောင်ပြိုကျမှုကြောင့် အသက်အန္တရာယ် စိုးရိမ်ရသဖြင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရ

ပို့စ်တင်ချိန် - 4/26/2014 12:11:00 PM


ဒီနှစ် နီပေါနိုင်ငံအစိုးရဟာ ဧဝရက်တောင်ထွဋ်တက်ဖို့ 743 ယောက်ကို ခွင့်ပြုပေးခဲ့ပြီး အဲဒီအထဲက အယောက် ၄၀၀ ဟာ လမ်းပြတွေဖြစ်ပါတယ်။ ဒါပေမယ့် ၁၇ ရက်နေ့ ရေခဲပြိုကျတဲ့ ဖြစ်စဉ်ဟာ မမျှော်လင့်ဘဲ
အမြင့်ပေ ၁၉၀၀၀ ကျော်မြင့်တဲ့ Popcorn Field လို့ခေါ်တဲ့ နေရာမှာ ပြင်းထန်စွာ
ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ ဧဝရက်တောင်မှာ ဖြစ်ပွားတဲ့ ရေခဲပြိုကျမှုထဲမှာ အထိခိုက်ဆုံး အကြမ်းတမ်းဆုံးဖြစ်ခဲ့ပြီး လမ်းပြ ၁၃ ဦးကွယ်လွန်ခဲ့တဲ့အပြင် ၃ ဦး ပျောက်ဆုံးနေခဲ့ပါတယ်။





ဖြစ်ပွားချိန်မှာ လမ်းပြတွေဟာ တောင်ထွဋ်ကိုတက်ဖို့အတွက် ကြိုးတွေ သွယ်တန်းခြင်း၊ လိုအပ်တဲ့ ပစ္စည်းတွေ သယ်ဆောင်နေစဉ်အချိန် ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ လေတိုက်နှုန်းသိပ်ကို ပြင်းထန်နေတဲ့အပြင် ကြမ်းတမ်းတဲ့ ရာသီဥတု အခြေအနေတွေကြောင့် အန္တရာယ်သိပ်များနေတယ်လို့ AFP သတင်းဌာနကို Nepal Tourism Ministry ရဲ့ တရားဝင်ပြောရေးဆိုခွင့်ရှိသူ Dipendra Paudel က ပြောကြားခဲ့ပါတယ်။

ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ နီပေါအစိုးရဟာ လမ်းပြတွေကို လျော်ကြေး ပေးပေမယ့် တစ်ဖက်နဲ့တစ်ဖက် ပြေလည်ခဲ့ခြင်း မရှိပါဘူး။ လမ်းပြတွေဘက်က တောင်းဆိုချက် များနေတယ်လို့ နီပေါအစိုးရက
ပြောသလို၊ အစိုးရအနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာ ဆောင်ရွက်မပေးပါလို့ လမ်းပြတွေက ပြောဆိုကြောင်းလည်း သိရှိရပါတယ်။

ဧဝရက်တောင်ကို တက်မယ့် မိမိတို့မြန်မာအဖွဲ့ဟာ နီပေါနိုင်ငံနဲ့ လမ်းပြတွေကြား ဖြစ်ပွားနေတဲ့ မကျေလည်မှုတွေမှာ တောင်တက် ခရီးစဉ်ကို မဖြစ်မနေ ရွှေ့ဆိုင်းရပါတော့မယ်။ နီပေါအစိုးရအနေနဲ့ ခွင့်ပြုချက်ပေးသည်ထားဦး လက်ရှိဖြစ်ပေါ်နေတဲ့ တင်းမာတဲ့ အခြေအနေများအရ မြန်မာအလံ လွှင့်ထူနိုင်ဖို့ကိစ္စကို ရွှေ့ဆိုင်းပြီး ကြိုးပမ်းရပါတော့မယ်။

မိမိတို့ဟာ နိုင်ငံတော်အလံကို လွှင့်ထူနိုင်ဖို့အတွက် မဆုတ်မနစ်သော လုံ့လနဲ့ ခက်ခဲကြမ်းတမ်းတဲ့ ရာသီဥတုဒဏ်ကို အံတုရင်း ကြိုးပမ်းခဲ့ပါတယ်။
လေ့ကျင့်ခဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီသတင်းကို မိမိတို့အဖွဲ့အစည်းအတွင်း တိုင်ပင်ကြသလို အခြားသော ဝါရင့်တောင်တက်သမားများနဲ့ပါ စည်းဝေးခဲ့ပါတယ်။

အားလုံးသဘောတူ နောက်ပြန်လှည့်ဖို့ ဆုံးဖြတ်ချက်က မိမိတို့ရင်ထဲဆို့နင့်
မိသလို မျက်ရည်ဝိုင်းမိပါတယ်။ ဥက္ကဌ ဦးတေဇအနေနဲ့ လမ်းကြောင်းအခြေအနေကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့အပြင် နောက်ထပ်ကြိုးစားဖို့ အခွင့်အလမ်း များစွာ ရှိနေကြောင်းနဲ့ နွေးထွေးစွာ ကြိုဆိုနေမှာ ဖြစ်တဲ့အကြောင်း ပြောရင်း မိမိတို့ကိုဖျောင်းဖျခဲ့ပါတယ်။

ယခုအချိန်မှာ မြန်မာအဖွဲ့ဟာ ဧဝရက်တောင်ခြေစခန်းမှ Periche ကို ခြေလျင်ပြန်ဆင်းပြီး ဒီနေ့ Nepal နိုင်ငံ Kathmandu မြို့ကိုအောင်မြင်စွာပြန်လည် ရောက်ရှိခဲ့ပါတယ်။ မိမိတို့စိတ်ထဲမှာတော့ ကမ္ဘာ့အမြင့်ဆုံးတောင်ထွဋ်ဝယ် မိမိတို့ချစ်မြတ်နိုးသော နိုင်ငံတော်အလံကို လွှင့်ထူနိုင်ဖို့ မအောင်မြင်မချင်းကြိုးပမ်းဆောင်ရွက်သွားမယ် ဆိုတဲ့ ဆုံးဖြတ်ချက် ချထားပါတယ်။

Htoo Foundation