အီတလီထောက်ပံ့ငွေ ယူရိုတစ်သန်းကို ပျူမြို့ဟောင်းသုံးမြို့နှင့် ပုဂံဒေသ ထိန်းသိမ်းရေးအတွက် သုံးမည်

ပို့စ်တင်ချိန် - 4/04/2014 02:59:00 PM




ပြည်၊ ဧပြီ ၃

ကမ္ဘာ့အမွေအနှစ် စာရင်းတင် သွင်းထားသည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်းများအပြင် ပုဂံဒေသ ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများတွင် ယူနက်စကိုမှတစ်ဆင့် အီတလီနိုင်ငံ၏ ထောက်ပံ့ငွေ ယူရိုတစ်သန်းကို သုံးစွဲသွားမည် ဖြစ်ကြောင်း နေပြည်တော်၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ရုံးချုပ်) ထံမှ သိရသည်။

ပထမအကြိမ် ရရှိခဲ့သည့် ယူရို ထောက်ပံ့ငွေများကို ပျူမြို့ဟောင်း သုံးမြို့တွင် သုံးစွဲခဲ့ပြီးဖြစ်ရာ ဒုတိယအကြိမ် ချထားသည့် ထောက်ပံ့ငွေ တစ်ဝက်ကို ပုဂံဒေသတွင် ထည့်သွင်း သုံးစွဲသွားရန် စီစဉ်ခြင်း ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောကြားသည်။
“ငွေကတော့ ယူနက်စကိုက ကိုင်တယ်။ လုပ်ငန်းအလိုက် Expert တွေလာတဲ့ လေယာဉ်ခ၊ တည်းခိုခ၊ Workshop ကျင်းပတဲ့ အခမ်းအနား ပြင်ဆင်စရိတ်တွေကို သူတို့က ကျခံတယ်။ ပုဂံ၊ ရန်ကုန်နဲ့ သရေခေတ္တရာမှာ Workshop တွေက လုပ်သွားမယ်။ ပုဂံ ကခုမှစတဲ့ ပရောဂျက်၊ ပျူသုံးမြို့အတွက် အရင်တုန်းက စထားတာလည်းရှိတယ်။ ပေးထားတာရှိတော့ ပုဂံကိုတစ်ဝက် ဝင်သွားတယ်” ဟု ၎င်းကဆိုသည်။

အီတလီနိုင်ငံက ပထမအကြိမ် ထောက်ပံငွေ ယူရိုလေးသိန်းကို ပျူဒေသ သုံးခုအတွက် ၂၀၁၂ ခုနှစ်ကုန်ပိုင်းက ရရှိခဲ့ပြီး ထောက်ပံ့ငွေတိုင်းအတွက် ယူနက်စကိုက ၁၃ ရာခိုင်နှုန်း ရရှိနေသည်။

၂၀၁၄-၁၅ ဘတ်ဂျက်တွင် ပျူမြို့ဟောင်းသုံးမြို့အတွက် အစိုးရက ကျပ်သိန်း ၁၀၀၀ ချထားပေးခဲ့ပြီး တူးဖော်ရေး၊ ထိန်းသိမ်းရေး လုပ်ငန်းများ၊ လမ်းပြင်ခြင်းများ၊ အင်ဖော်မေးရှင်း စင်တာများ အဆင့်မြှင့်တင်ခြင်းများအတွက် အစိုးရ ဘတ်ဂျက်ကို အသုံးပြုသွားမည် ဖြစ်ကြောင်း ကမ္ဘာ့အမွေအနှစ် စာရင်း ပါဝင်ရေး စီမံခန့်ခွဲမှုရုံးထံမှ သိရှိရသည်။

The Voice Weekly