မီတာခ တိုးမြှင့် ကောက်ခံသော်လည်း မီးပြတ်တောက်ခြင်းများ ရှိနေမည်ဟု လျှပ်စစ်ဝန်ကြီး ပြောကြား

ပို့စ်တင်ချိန် - 4/29/2014 12:44:00 PM


ယခုနှစ် ဧပြီလမှ စတင်ကာ မြန်မာ တစ်နိုင်ငံလုံးတွင် မီတာခ တိုးမြှင့် ကောက်ခံမည် ဖြစ်သော်လည်း ရန်ကုန်တိုင်း ဒေသကြီး အတွင်း မီးပြတ်တောက်ခြင်းများ ရှိနေမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ပြောကြားသည်။
လျှပ်စစ်ဓာတ်အားခများ တိုးမြှင့် ကောက်ခံမည် ဖြစ်သောကြောင့် လျှပ်စစ်မီး ပြတ်တောက်မှုများ မရှိစေရန် မည်သို့ ဆောင်ရွက်မည်ကို သိရှိလိုကြောင်း ဧပြီလ ၂၈ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က မေးမြန်းခြင်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးရေးကို လျှပ်စစ်ဝန်ကြီးဌာန အနေနှင့် စီမံချက်များ ချမှတ် ဆောင်ရွက်နေသော်လည်း ယခုနှစ်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ရှိနေမည် ဖြစ်ကြောင်း ဦးဉာဏ်ထွန်းဦးက ပြောကြားသည်။
“ဓာတ်အားကြိုး လဲလှယ်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေသောကြောင့် မီးအား လျော့ကျခြင်းများလည်း ရှိနေဦးမည် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်သူများမှာ တိုးမြှင့်လာသော မီတာခများကို ပေးဆောင်ရမည် ဖြစ်သော်လည်း အစိုးရအနေနှင့် ဝန်ဆောင်မှုပိုင်းကို တာဝန်ယူ ဆောင်ရွက်ပေးသင့်ကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းကျော်အောင်က ပြောကြားသည်။
“မိုးရာသီ ရောက်လာတော့မည် ဖြစ်သောကြောင့် ဓာတ်အား တိုးမြှင့်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသင့်ပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ မီတာခ တိုးမြှင့် ပေးဆောင်ရသော်လည်း မီးပြတ်တောက်မှုများ ရှိနေခြင်းမှာ လုပ်ငန်းရှင်များအတွက် အဓိက ထိခိုက်နစ်နာမည် ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ရေခဲစက် လုပ်ငန်းပိုင်ရှင် ဦးမျိုးကျော်က ပြောကြားသည်။
“ကျွန်တော်တို့က တစ်နိုင်တစ်ပိုင် လုပ်ရတာဗျ။ မီတာခက တက်တာ ပေးလို့ရတယ်။ အရင်လိုပဲ မီးကို မှန်မှန်မလာ၊ လာပြန်တော့လည်း မီးအားလျော့ ဆိုရင်တော့ တွက်ခြေမကိုက်ဘူး” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံအနှံ့ လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရရှိသေးသော်လည်း အိမ်သုံး လျှပ်စစ်မီတာများကို တစ်ယူနစ်မှ ယူနစ် ၁၀၀ ထိ သုံးစွဲလျှင် လက်ရှိ နှုန်းထားအတိုင်း တစ်ယူနစ် ၃၅ ကျပ်နှုန်းဖြင့် ကောက်ခံမည် ဖြစ်ပြီး ယူနစ် တစ်ရာကျော် သုံးစွဲပါက တစ်ယူနစ်လျှင် ၄၀ ကျပ်နှုန်းထားနှင့် ယူနစ် ၂၀၀ ကျော်ပါက တစ်ယူနစ် ၅၀ ကျပ်ဖြင့် လည်းကောင်း၊ စက်မှုလုပ်ငန်းသုံး မီတာခများကို ယူနစ်ငါးသောင်းမှ ယူနစ် နှစ်သိန်းအထိ ၁၅၀ ကျပ်အထိ လည်းကောင်း အသီးသီး တိုးမြှင့် ကောက်ခံရန် မတ်လ ၁၉ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နှစ်စဉ် တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ၈၅၀ မဂ္ဂါဝပ် ဖြန့်ဖြူးပေးလျက် ရှိသော်လည်း ယခုနှစ်တွင် ၅၀ မဂ္ဂါဝပ် တိုးမြှင့် ပြီး ၉၀၀ မဂ္ဂါဝပ် ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ထံမှ သိရသည်။

The Voice Weekly