ဂျာမနီရောက် မြန်မာမိသားစုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ပို့စ်တင်ချိန် - 4/13/2014 11:03:00 PM


၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြောင်းလဲရေးဟာ မြန်မာပြည်သူ တရပ်လုံးအတွက် မဖြစ်မနေ လိုအပ်ချက်ဖြစ်တယ်လို့ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့  ပြောကြားပါတယ်။

ဂျာမနီနိုင်ငံရောက် မြန်မာမိသားစုတွေနဲ့ ဘာလင်မြို့၊ Free University ခန်းမမှာ ဒီနေ့ မနက် ၁ဝ နာရီက တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောသွားတာပါ။

အခန်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြောင်းလဲရေးကိစ္စနဲ့ မြန်မာနိုင်ငံရဲ့ ပညာရေး အခြေအနေတွေကို အဓိကထား ပြောဆိုသွားပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြောင်းလဲဖို့ တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်လို့ မရနိုင်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း အခန်းအနားကို တက်ရောက်တဲ့  မြန်မာ့အရေးဌာန ဂျာမနီက ကိုအောင်သူကပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်က ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်တို့ ပြောသွားတဲ့ မိန်းခွန်းတွေအရကြည့်လို့ရှိရင် သူတို့ဟာ ပြင်ဆင်ချင်တဲ့စိတ်မရှိဘူးဆိုတာ ကောက်ချက်ချလို့ရတယ်လို့ သူက ဗမာတွေကိုပြောတဲ့ထဲမှာ ထည့်ပြောသွားပါတယ်၊ ဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးက တစ်ဦးတစ်ယောက်အတွက်မဟုတ်ပဲနဲ့ ဒီဗမာပြည်သူပြည်သားအားလုံး ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ပြင်ဆင်ပြောင်လဲဖို့ လိုအပ်တယ်လို့ သူကထောက်ပြသွားပါတယ်၊ ပညာရေးနဲ့ ပတ်သက်လို့ကတော့ ဗမာပြည် ပညာရေးမှာ သူတို့တွေကခုဆိုလို့ရှိရင် ဒီပညာရေးနဲ့ ပတ်သက်ပြီးတော့ ပညာရေးကော် မတီတစ်ခုဖွဲ့ပြီးတော့ သူတို့တွေ ဒီပညာရေး ဥပဒေတွေကို လာမဲ့လွှတ်တော်မှာ တင်တယ်ဆိုတဲ့ဟာကိုလည်း သူတို့ပြောကြားသွားပါတယ် "

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားအပြီးမှာ အခမ်းအနား တက်ရောက်လာတဲ့ မြန်မာများက မေးမြန်းတာတွေကို ပြန်လည်ဖြေကြားပါတယ်။

၂နာရီနီးပါးကြာ ကျင်းပသွားတဲ့အခမ်းအနားကို FreeUniversity ကျောင်းကျာင်းအုပ်ကြီးနဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်သလို ဂျာမနီနိုင်ငံ ရောက်မြန်မာမိသားစု ၄ဝဝကျော် တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားကို ဂျာမနီနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့နဲ့  မြန်မာရေးရာဌာန (ဂျာမနီ )တို့ ပူးပေါင်း ပြီး ကျင်းပတာဖြစ်ပါတယ်။

RFA Burmese