ယခုရာသီ ယူနိုက်တက်၏ ဖြတ်သန်းမှုသည် အဆုံးအရှုံးတစ်ရပ်ဟု နဗီးလ်ဝန်ခံ

ပို့စ်တင်ချိန် - 4/19/2014 01:21:00 PM


ယခုရာသီ မန်ချက်စတာ ယူနိုက်တက်၏ ဖြတ်သန်းမှုသည် အဆုံးအရှုံး တစ်ရပ်ဖြစ်ကြောင်း နည်းပြအဖွဲ့ဝင် ဖီးလ်နဗီးလ်က ဝန်ခံပြောကြားလိုက်သည်။

ယူနိုက်တက်တွင် ခံစစ်မှူးအဖြစ် ကာလရှည်ကြာ ကစားဖူးသည့် နဗီးလ်က (၁၈)နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ပြိုင်ပွဲနှင့် လွဲချော်သွားသည်အထိ စိုက်ဆင်းသွားသော အသင်းအခြေအနေသည် လုံးဝဥဿုံ        ပီပြင်သော အရှုံးတရား တစ်ခုဟု သတ်မှတ်ခဲ့သည်။ ယူနိုက်တက်သည် (၂၆)နှစ်ဆက်တိုက် အသင်းကို တာဝန်ယူခဲ့သည့် ဆာအဲလက်စ် ဖာဂူဆန်လက်မှ မန်နေဂျာသစ် ဒေးဗစ်မိုယက်စ် လက်အောက်သို့ ကူးပြောင်းသော ကာလတွင် ဆယ်စုနှစ်များအတွင်း အဆိုးဆုံး ဖြတ်သန်းမှုများကို ကြုံတွေ့ခဲ့ရသည်။

တနင်္ဂနွေနေ့တွင် ဂွတ်ဒီဆင်ပါ့ခ်၌ အဲဗာတန်နှင့် ကစားရန် ပြင်ဆင်နေသော ယူနိုက်တက်သည် လတ်တလော အမှတ်ပေးဇယား အဆင့်(၇)၌ ရပ်တည်လျှက် ရှိသည်။ နဗီးလ်က “ဒီရာသီမှာ ကျွန်တော်တို့ မျှော်လင့်တဲ့ အဆင့်အတန်းမျိုး လုံးဝဥဿုံ        မဖန်တီး မရပ်တည်နိုင်ခဲ့ဘူး”ဟု BBC၏ Football Focus အစီအစဉ်သို့ ပြောကြားခဲ့သည်။ “ကွင်းထဲမှာ ကျွန်တော်တို့ စွမ်းဆောင်ရည်ကောင်းတွေ ပြသဖို့ ပျက်ကွက်ခဲ့ကြတယ်။ ကျွန်တော်တို့ စွမ်းဆောင်ရည် နိမ့်ကျခဲ့တယ်ဆိုတဲ့ အချက်ကို မျက်ကွယ်ပြုလို့ မရပါဘူး။ ကျွန်တော်တို့ အထက်မှာ တခြားအသင်းတွေ အများကြီး ရှိနေတာကို တွေ့မြင်ရတာ လက်ခံဖို့ ခက်ခဲလွန်းပါတယ်။ စနေနေ့ညမှာ Match of the Day အစီအစဉ်ကို ကြည့်မိတိုင်း စိတ်ထဲမှာ မကောင်းဘူး။ ကျွန်တော်တို့ ဒီရာသီမှာ ဆိုးဆိုးရွားရွား ဖြစ်ပျက်ခဲ့တယ် ဆိုတာကို ကျွန်တော် လက်ခံဖို့တောင် ခက်ခဲနေပါတယ်”ဟု ပြောကြားသွားသည်။

Soccer Myanmar