၂၀၁၀ မတိုင်ခင်အခြေအနေကို ပြန်မသွားနိုင်တော့ပါဘူးဟုဆိုသည့် လီရှန်လွန်းနှင့် အာရှသတင်းကွန်ရက် ၁၅ နှစ်ခရီး

ပို့စ်တင်ချိန် - 4/12/2014 06:45:00 PM

Eleven Media Group အပါအ၀င် အာရှသတင်းကွန်ရက် ANN တွင်ပါဝင်သည့် အဖွဲ့ဝင်များ၏ Logo များပါဝင်သော ANN ၁၅ နှစ်ပြည့် အထိမ်းအမှတ်ကိတ်မုန့်

(ဆောင်းပါးရှင် - ဒေါက်တာသိန်းမြင့်)

အာရှသတင်းကွန်ရက် (Asia News Network-ANN) သည် အာရှနိုင်ငံများ၏ အဓိကအဖြစ်အပျက်များကို ခြုံငုံပေါင်းစပ်ဖော်ပြနိုင်ရန်အတွက် နေ့စဉ်ထုတ်သတင်းစာများ စုစည်းထားသည့် ကွန်ရက်တစ်ခုဖြစ်ပါသည်။

၎င်းကို ၁၉၉၉ ခုနှစ်၊ မတ်လတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ KAS (Konrad Adenauer Stiftung) ကဦးစီးကျင်းပသည့် အာရှ-ဂျာမန် အယ်ဒီတာဖိုရမ်အပြီးတွင် ဖွဲ့စည်းခဲ့သည့်အတွက် ယခုဆိုလျှင် ၁၅ နှစ်ပြည့်ပြီးခဲ့ပြီးဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ ဒေသတွင်း၌ ပရော်ဖက်ရှင်နယ်ဂျာနယ်လစ်ဇင်ဖွံ့ဖြိုးရေးကို အားပေးကူညီရန် ဖြစ်ပါသည်။ အရေးကြီးသည့် ဘုတ်အဖွဲ့အစည်းအဝေးကို တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် စင်ကာပူနိုင်ငံ The Straight Times သတင်းစာနှင့် Channel News Asia သတင်းဌာနတို့ကို ဖြန့်ချိထုတ်လွှင့်နေသည့် Singapore Press Holdings ဧပြီ ၇ ရက်၌ ပြုလုပ်ခြင်းဖြစ်ပါသည်။

နိုင်ငံပေါင်း ၁၉ နိုင်ငံမှ အဖွဲ့ဝင်ပေါင်း ၂၁ ဖွဲ့သည် မိမိတို့နိုင်ငံအတွင်း ဖြစ်ပျက်နေသော တစ်နှစ်စာအဖြစ်အပျက်များကို တင်ပြပြောဆိုဆွေးနွေးကြပါသည်။ မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်မှုအပေါ် ဖိနှိပ်တားဆီးမှုများ ပိုမိုဆိုးရွားလာပြီး သတင်းထောက်များအား ထောင်ချခြင်းများ၊ သတင်းရယူမှုအပေါ် တားဆီးမှုများ၊ သတင်းလက်ဝါးကြီးအုပ်မှုများအပြင် မျှတသော ယှဉ်ပြိုင်မှု (Fair Competition) မရှိစေရန် လုပ်ဆောင်မှုများကို အစိုးရကိုယ်တိုင်က အဓိကပြုလုပ်နေကြောင်း ရှင်းလင်းပြောဆိုခဲ့ပါသည်။

ရှင်းလင်းပြောဆိုရာတွင် ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်၌ Public Owned Daily သတင်းစာများ စတင်ထုတ်ဝေခဲ့ကြောင်း၊ Fair Competition မရှိသည့်အတွက် တချို့ရပ်နားလိုက်ရကြောင်း၊ အစိုးရသတင်းစာများ၏ Advantage ယူမှု၊ Low Price နှင့် သတ်မှုများကြောင့် နောက်ထပ်လည်း ရပ်နားရနိုင်ကြောင်း ရှင်းပြခဲ့သည်။ ထို့ပြင် မခိုင်ကို ထောင်သုံးလချသည့်ကိစ္စ၊ Unity ကို သမ္မတရုံးအစီအစဉ်ဖြင့် တရားစွဲဆိုသည့်ကိစ္စ၊ DVB သတင်းထောက်ကို ထောင်ချသည့် ကိစ္စတို့ကိုလည်း ရှင်းပြခဲ့ပါသည်။ နောက်ပြီး ၂၀၀၃ ခုနှစ် မေ ၃ ရက် Press Freedom နေ့တွင် The Daily Eleven နေ့စဉ်ထုတ်သတင်းစာကို အခက်အခဲ အနှောင့်အယှက်များကြားထဲမှ စတင်ထုတ်ဝေနိုင်ခဲ့ကြောင်း၊ The Nation နှင့် ပူးပေါင်းလုပ်ဆောင်မည့် Myanmar Eleven အင်္ဂလိပ်သတင်းစာထုတ်ဝေခွင့် လျှောက်ထားမှုကိုလည်း ကြိမ်ဖန်များစွာ အကြောင်းအမျိုးမျိုးပြပြီး ဆိုင်းငံ့ထားခဲ့ကြောင်းနှင့် တစ်နေ့တွင် ရှေ့သို့ မဖြစ်မနေ ရွေ့သွားမည်ဖြစ်ပြီး အောင်မြင်မှုမလွဲမသွေ ရလာမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။

သတင်းဌာနတချို့က ကျွန်တော်တို့ သတင်းစာထုတ်ဝေမှုမှာ အရင်း (Break Even) ရပြီလားဟု လာမေးကြပါသည်။ ရပြီဖြစ်ကြောင်း ကျွန်တော်ပြန်ပြောသည့်အခါ သူတို့အံ့သြသင့်သွားကြပါသည်။ တချို့ကလည်း "မင်းတို့သတင်းစာက ဘယ်ပါတီကို ကိုယ်စားပြုသလဲ" ဆိုပြီး ထူးထူးဆန်းဆန်းလာမေးကြပါသည်။ ဘယ်ပါတီကိုမှ ကိုယ်စားမပြုကြောင်းနှင့် အတိုက်အခံပါတီရော အစိုးရပါတီပါ ဝေဖန်စရာရှိလျှင် အကုန်ဝေဖန်ကြောင်း ရှင်းပြလိုက်ပါသည်။

ဧပြီ ၈ ရက် စင်ကာပူဝန်ကြီးချုပ်နေအိမ်သို့သွားရောက်ပြီး စင်ကာပူဝန်ကြီးချုပ်အား တွေ့ဆုံကြပါသည်။ အ၀င်အ၀တွင် စစ်ဆေးမှုများ တင်းကျပ်သော်လည်း အိမ်အတွင်းပိုင်းရောက်သည့်အခါ လွတ်လပ်စွာ သွားလာကြည့်ရှုခွင့်များ ရကြပါသည်။ တွေ့ဆုံသည့် ခန်းမတွင်းရှိ အခင်းအကျင်းအပြင်အဆင်များသည် သာမန်ကုမ္ပဏီရုံးခန်းအဆင့်ထက်မပိုဘဲ ရိုးရိုးရှင်းရှင်းဖြစ်သည်ကို တွေ့ရပါသည်။

ဝန်ကြီးချုပ်သည် တည်ကြည်ပြီး မိမိအလုပ်အပေါ် နားလည်ယုံကြည်တတ်ကျွမ်းမှု ရှိနေပုံရပါသည်။ ANN အဖွဲ့ဝင်အသီးသီးက မိမိနိုင်ငံအကြောင်း၊ မိမိနိုင်ငံနှင့် စင်ကာပူ ဆက်ဆံရေးအကြောင်း၊ ဒေသတွင်းအခြေအနေပြသနာများအကြောင်းကို မေးမြန်းရာတွင်လည်း အေးအေးဆေးဆေး ရှင်းလင်းလွယ်ကူစွာ ပြန်လည်ဖြေကြားသွားသည်ကို တွေ့ရပါသည်။

မေးခွန်းများ၏အဖြေများကို ကြည့်ခြင်းအားဖြင့် ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေး၊ လူမှုရေး၊ စီပွားရေး၊ ဘာသာရေး၊ လူမျိုးရေး အခြေအနေများအပေါ် ကျွမ်းကျင်နှံ့စပ် ဗဟုသုတပြည့်စုံသူဖြစ်ကြောင်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက "ခရီးရှည်ကြီးဖြစ်ပြီး ပထမအဆင့် ခြေလှမ်းအနည်းငယ်သာရှိသေးကြောင်း၊ ရွေးကောက်ပွဲ မကျင်းပခင် ၂၀၁၀ ကရရှိခဲ့တဲ့ အနေအထားထက် ပိုမိုခိုင်မာတဲ့အနေအထားကို သူတို့ရောက်ရှိနေပါပြီ" ဟု ဖြေကြားခဲ့ပါသည်။ စင်ကာပူသည် မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံသားအများအပြားသည်လည်း စင်ကာပူတွင် နေထိုင်အလုပ်လုပ်ကိုင်နေကြပါသည်။

၂၁၀၅ ရွေးကောက်ပွဲမတိုင်မီ မြန်မာရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့်ပတ်သက်၍ လီရှန်လွန်းက "ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲဖို့က မြန်မာနိုင်ငံနဲ့ ပြည်သူတွေက ဆုံးဖြတ်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ဆင်ရမယ်ဆိုတဲ့ လုပ်ငန်းစဉ် သူတို့မှာရှိပါတယ်။ ဖွဲ့စည်းပုံကိုပြောင်းလဲဖို့ သူတို့ဆုံးဖြတ်ခဲ့ရင် အဲဒီလုပ်ငန်းစဉ်အတိုင်း သွားရမှာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲသင့်သလား။ မပြောင်းလဲသင့်ဘူးလားဆိုတာ ကျွန်တော်တို့ပြောရမယ့်စကားမဟုတ်ပါဘူး" ဟု ရှင်းရှင်းလင်းလင်း ရှုမြင်ပြောကြားခဲ့သည်။

အာဆီယံအစည်းအဝေးတက်ရောက်ရန် နေပြည်တော်သို့ လာရောက်ရန်ရှိသည့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက "မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းမှာ ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ ခရီးရှည်ကြီးပါ။ သူတို့ဟာ အစကောင်းနေပါပြီ" ဟု ပြောကြားခဲ့သည်။ "အစိုးရအုပ်ချုပ်ရေးနဲ့ စီးပွားရေးစီမံခန့်ခွဲမှုအတွက် ဆောင်ရွက်ရမယ့်ဟာတွေ အများကြီး ရှိနေပါသေးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတည်ဆောက်ရေးနဲ့ စီးပွားရေးခန့်ခွဲမှုအတွက် ကြိုးစားဆောင်ရွက်ရပါဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံဟာ အလွန်ရှုပ်ထွေးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေပါတယ်" ဟု ဆက်လက်ပြောကြားခဲ့ပါသည်။

၎င်းအပြင် မြန်မာနိုင်ငံကို အုပ်ချုပ်ရန်အတွက် နှင်းဖုံးတောင်တန်းများရှိသည့် မြောက်ဘက်စွန်းမှ အပူပိုင်းဇုန် တောင်ဘက်စွန်းအထိ ငြိမ်းချမ်းရေးရရှိစေရေး ဆောင်ရွက်လုပ်ဆောင်ရပါမယ်။ ၎င်းလုပ်ငန်းသည် ခရီးရှည်ကြီးဖြစ်ကြောင်း၊ အတူတူသွားရမည့် လူများအကြားတွင်လည်း နိုင်ငံရေးကွဲလွဲမှုရှိနေကြောင်း၊ ဦးဆောင်မည့်သူများကြားတွင်လည်း ကွဲလွဲမှုများရှိနေကြောင်း၊ ယင်းအခြေအနေသည် လူ့အဖွဲ့အစည်း၏သဘာဝဖြစ်ပြီး ခရီးလမ်းအောင်မြင်ပါစေကြောင်း ဆုတောင်းပါသည်ဟု လီရှန်လွန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ စင်ကာပူကုမ္ပဏီများသည် လွန်ခဲ့သော နှစ် ၂၀ ခန့်ကပင်ရှိနေပြီး လုပ်ငန်းများတိုးချဲ့ရန်လည်း ရှိနေကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

"မြန်မာမှာ ဆိပ်ကမ်းတည်ဆောက်ဖို့ ဆောင်ရွက်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးနဲ့ ကျွန်တော်စကားပြောခဲ့ပါတယ်။ အခြေအနေများ ပိုမိုကောင်းမွန်လာကြောင်း၊ သို့သော်လည်း ပြုပြင်ပြောင်းလဲရန် အများကြီးဆောင်ရွက်ရဦးမည်ဖြစ်ကြောင်း သူကပြောခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် မြန်မာနိုင်ငံရဲ့အခက်အခဲတွေ ကျွန်တော်လျှော့မတွက်ပါဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ သမ္မတဦးသိန်းစိန်တို့ ကျွန်တော်နဲ့သိခဲ့တာ နှစ်အတန်ကြာခဲ့ပါပြီ။ သမ္မတဦးသိန်းစိန်က ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားတယ်လို့ ကျွန်တော်ထင်ပါတယ်။ ရှေ့သွားရမယ့်လမ်းကိုလည်း သူကသိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ မတိုင်ခင်က ရှိနေခဲ့တဲ့အခြေအနေ ခင်ဗျားတို့ပြန်မသွားနိုင်တော့လို့ပါ" ဟု လီရှန်လွန်းက ပြောကြားခဲ့သည်။

သင်္ချာပညာထူးချွန်၍ အတွက်အချက်ကောင်းပြီး ကွန်ပျူတာသိပ္ပံဘာသာရပ်တွင် ဂုဏ်ထူးထွက်ခဲ့သည့် ကိန်းဘရစ်တက္ကသိုလ် ဟားဗက်တက္ကသိုလ်ကျောင်းဆင်း လီရှန်လွန်း၏နောက်ကြောင်း မပြန်နိုင်ဘူးဆိုသည့်စကား မည်မျှမှန်မည်ဆိုသည်ကို စောင့်ကြည့်ရပေဦးတော့မည်။

Eleven Media Group