သူတို့ အစိုးရနဲ့ တို့အစိုးရ

ပို့စ်တင်ချိန် - 4/04/2014 04:35:00 PM


သမ္မတကြီး ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်သား အစိုးရလို့ ကြွေးကြော်နေတဲ့ အစိုးရအာဏာ ရလာခဲ့တာ သုံးနှစ်တိုင်ခဲ့ပါပြီ။ ဒီ သုံးနှစ်အတွင်းမှာ ဘာတွေဆောင် ရွက်ခဲ့ပါသလဲ။ ဘာတွေအောင် မြင်လို့ ဘာတွေမအောင်မြင်ဘူး လဲ။ အခုလက်ရှိ အစိုးရတက်လာ ပြီးနောက် နိုင်ငံသားတွေဘက်က  သူတို့လုပ်တာ ဒီဟာလေးကတော့ မဆိုးဘူး။ ဟိုဟာလေးတွေလုပ် ပေးတာလည်း လူတွေအတွက် အကျိုးရှိလိုက်တာဆိုပြီး ဝမ်းသာ တဲ့အသံတွေ၊ ချီးမွမ်းသံတွေထွက် လာသလား။ လူထုဆီက မကျေ နပ်သံတွေ ထွက်လာနေတာက တော့ အတောမသတ်ရှိနေဆဲပါ။ မြန်မာနိုင်ငံသားတွေ အခြေအနေ တစ်ခုအထိ ချောင်လည်လာတာ မျိုးလည်း မတွေ့ရသေးပါ။ ဆင်း ရဲတွင်းက နက်နေတုန်းပါပဲ။

သုံးနှစ်အတွင်းမှာ အစိုးရ ဟာ ဘာတွေပြောခဲ့သလဲ။ မြန်မာ့ လယ်ယာစိုက်ပျိုးရေးဦးမော့လာ အောင် လုပ်မယ်လို့ ပြောခဲ့ပါ တယ်။ တိုင်းရင်းသားပိုင် အသေး စား၊ အလတ်စား  စက်မှုလက်မှုလုပ်ငန်းတွေကို တိုးတက်လာ အောင် ဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုတွေကို ဖိတ်ခေါ်မယ်လို့လည်း ဆိုပါသေးတယ်။ သုံးနှစ်ကျော်လို့ ပြန်ကြည့်လိုက်တော့ အဲဒီလို ပြောခဲ့တဲ့ကိစ္စတွေ တစ်ခုမှ မအောင်မြင်သေးတာကို ရှင်းရှင်းကြီးမြင်နေရပါတယ်။ အဲဒီနိုင်ငံခြားပို့ကုန်တွေကို ကြည့်လိုက်ပြန်တော့တောထဲက သစ်ဆိုအလုံးလိုက်၊ပင်လယ်ထဲက ငါးဆိုအုပ်လိုက်၊တောင်ဆို အလုံးလိုက်ဖြိုပြီးပို့လိုက်တဲ့ အဆင့်မှာသာရှိနေပါသေးတယ်။ ကိုယ့်ဘက် ကုန် ချောထုတ်ပြီး ပို့နိုင်တယ်ဆိုတာ မရှိသေးပါ။ အဲ.. ဒါပေမဲ့ အိမ်ဖော်ထွက်ကုန်တွေကိုတော့ ဟောင်ကောင်ကို စပို့နေပါပြီ။

 နိုင်ငံ့ခေါင်းဆောင်ဆိုတာ မျိုးဟာ လူတွေကျေနပ်အောင် မိန့်ခွန်းလှလှလေး ပြောနေရုံနဲ့ မပြီးပါ။ ပြောထားတဲ့စကား အတိုင်း လက်တွေ့ဆောင်ရွက်ဖို့ လည်း လိုပါသေးတယ်။ နောက် ကိုယ်ပြောထားတဲ့ စကားအတိုင်း လိုက်လုပ်ဖို့ ကိုယ့်ဘက်မှာ အရည်အသွေး၊ နည်းပညာနဲ့ တခြားအခြေအနေတွေရှိရဲ့လား ဆိုတာကိုလည်း တွက်ချက်တိုင်း ထွာပေးနိုင်တဲ့အဖွဲ့မျိုး နောက်မှာရှိဖို့လည်း လိုပြန်ပါတယ်။ မှန်းခြေတွေနဲ့ ပြောနေတာမျိုးက အလုပ်မဖြစ်ပါဘူး။ ကြာတော့ လူတွေက နိုင်ငံ့ခေါင်းဆောင်ဆိုသူတွေရဲ့စကားကို အပေါ်ယံတွေပါပဲလို့ သတ်မှတ်လိုက်ပြီး ယုံကြည်မှုမရှိတော့ပါ။ ဒီကြားထဲမှာလည်း လူမျိုးရေး၊ ဘာသာရေး ပြဿနာတွေကို တမင်ဖန်တီးနေသူတွေရှိတာကို သိရက်နဲ့ အရေးမယူဘဲ ငုတ်တုတ်ထိုင်ကြည့်နေပါတယ်။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဟာ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတယ်၊ အဟန့်အတားဖြစ်တယ်ဆိုတာကို အစိုးရအနေနဲ့ နားမလည်ဘူးလား။

နောက်တစ်ချက်ကတော့ ဒီမိုကရေစီတို့၊ ဖွံ့ဖြိုးတိုးတက်ရေး တို့ပြောတဲ့အခါတိုင်း လူတွေဟာ အနောက်နိုင်ငံများနဲ့ စံပေတံတိုင်း ပြီး ဥပမာပေးလေ့ရှိပါတယ်။ ဒါမှ မဟုတ်ရင်လည်း ဂျပန်တို့၊ တောင် ကိုရီးယားတို့နဲ့ ခိုင်းနှိုင်းပြောတာ မျိုးလည်း ရှိပါသေးတယ်။ ကျွန် တော်ကတော့ ဝေးဝေးက ချမ်း သာပြီးသား နိုင်ငံတွေနဲ့ခိုင်းနှိုင်း မပြောတော့ဘဲ မြန်မာအစိုးရကို အိမ်နီးချင်းဖြစ်တဲ့ နိုင်ငံတစ်ခုက အစိုးရတစ်ရပ်နဲ့နှိုင်းယှဉ်ပြောလို ပါတယ်။

ကျွန်တော်တို့ တိုင်းပြည်မှာ ၂၀၁၀ ပြည့်နှစ်က ရွေးကောက်ပွဲ လုပ်ခဲ့ပါတယ်။အဲဒီတစ်နှစ်တည်း မှာပဲ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ ဆူစီလိုက အင်ဒိုနီးရှားနိုင်ငံဟာ အနှစ် ၂၀ အတွင်း ကမ္ဘာမှာစား နပ်ရိက္ခာအများဆုံးတင်ပို့ထုတ် လုပ်တဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ် လာစေရမယ်လို့ အင်ဒိုနီးရှားပြည် သူများကို တရားဝင်ကြေညာ လိုက်ပါတယ်။ အဲဒီအတွက် နိုင်ငံ ခြားသားနဲ့ ဒေသခံရင်းနှီးမြှုပ်နှံသူ တွေကိုလည်း မြေဩဇာကောင်း တဲ့နေရာဒေသများမှာ အကြီးစား စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင် ဖို့ကိုလည်း တစ်ဆက်တည်းမှာ ဖိတ်ခေါ်လိုက်ပါတယ်။ ဆိုလိုတာ ကတော့ စိုက်ပျိုးရေးနဲ့ပတ်သက် ပြီး လုပ်ကိုင်လိုတဲ့ လုပ်ငန်းရှင် ကြီးတွေကို နှစ်ရှည်မြေအငှားချထားပေးမယ်ဆိုတဲ့ သဘော လည်းဖြစ်ပါတယ်။ အဆိုပါစိုက် ပျိုးရေးလုပ်ငန်းများကို အင်ဒိုနီး ရှားနိုင်ငံရဲ့ မြေဩဇာကောင်းပြီး လူနေအတော်လေးကျဲပါးတဲ့ ပါပူ ဝါနဲ့ ဘော်နီယိုဆိုတဲ့ ဒေသများမှာ စတင်လုပ်ကိုင်မှာဖြစ်ပါတယ်။ ဟိုလယ်သမား၊ ဒီလယ်သမား တွေဆီက မြေကိုသိမ်းယူတာမျိုး မဟုတ်ပါဘူး။ မြေရိုင်းကို အသစ် ထွင်လုပ်မှာဖြစ်ပါတယ်။

သမ္မတဆူစီလိုရဲ့ ပြောကြားချက်အရ စိုက်ပျိုးရေးလုပ်ငန်းတိုးချဲ့တဲ့ ရည်ရွယ်ချက်ဟာ ပထမဆုံးအနေနဲ့ သူတို့ရဲ့ဆင်းရဲသားအင်ဒိုနီးရှားနိုင်ငံသားများကို ဝလင်စွာကျွေးမွေးနိုင်ဖို့အတွက် ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီကမှ တစ်ဆင့် ပြည်တွင်းဖူလုံပြီဆိုတာ နဲ့ နိုင်ငံတကာကို စားနပ်ရိက္ခာ များ တင်ပို့ရောင်းချသွားမယ်လို့ လည်းပြောပါတယ်။ လာမယ့် ခရစ်နှစ် ၂၀၃၀ မှာ အင်ဒိုနီးရှား နိုင်ငံဟာ ကမ္ဘာပေါ်မှာ စားနပ် ရိက္ခာအများအပြား တင်ပို့ရောင်း ချတဲ့နိုင်ငံများထဲက တစ်နိုင်ငံဖြစ် လာဖို့ စတင်ကြိုးစားနေကြပါပြီ။ အစိုးရ စီစဉ်ထားတာတွေကို စနစ် တကျချပြနိုင်ပါတယ်။ လေထိုး လေလျော်တာမျိုးမဟုတ်ပါဘူး။ သမ္မတဆူစီလိုရဲ့ အဆိုအရ အင် ဒိုနီးရှားနိုင်ငံဟာ ဆန်၊ ပြောင်းဖူး၊ ကြံ၊ ကော်ဖီ၊ ဆီအုန်း၊ ပုစွန်နဲ့ သားငါးထုတ်လုပ်ရေးတွေကို လုပ်ဆောင်သွားမယ်လို့ ပြောပါ တယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ ပေါ်မှာ စတုတ္ထမြောက်လူဦးရေ ထူထပ်တဲ့နိုင်ငံဖြစ်ပြီး လူဦးရေ သန်းပေါင်း ၂၃၅ သန်းရှိပါတယ်။ ပြောရမယ်ဆိုရင် အင်ဒိုနီးရှား နိုင်ငံဟာ တဖြည်းဖြည်းနဲ့ ဆန် အထွက်ကောင်းလာခဲ့တာမို့ ၂၀၀၈ ခုနှစ်ကတည်းက ပြည်တွင်း ထုတ်လုပ်မှုတစ်ခုတည်းသက် သက်နဲ့ ဆန်ဖူလုံတဲ့နိုင်ငံဖြစ်တယ် ဆိုတာကို သိရပါတယ်။ စိုက်ပျိုး ရေးကို အခြေခံနေဆဲနိုင်ငံမှာ စိုက်ပျိုးရေးကို သူတို့ဘယ်လောက် ဂရုစိုက်တယ်ဆိုတာကို တွေ့ရပါ တယ်။ အခုဆိုရင် အင်ဒိုနီးရှား နိုင်ငံဟာ ဆီအုန်းထုတ်လုပ်ရာမှာ လည်း ကမ္ဘာပေါ်မှာ ဆီအုန်း အများဆုံးထုတ်လုပ်တင်ပို့နေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

ပထမဆုံး ပစ်မှတ်ထားတဲ့ စိုက်ပျိုးမြေဟာ ပါပူဝါဒေသအ တွင်းမှာရှိပြီး အသစ်ထွင်မယ့် မြေအကျယ်က ဧကအားဖြင့် ၃ ဒသမ ၉ သန်းခန့်ရှိပြီး လူသိန်း ပေါင်းများစွာအတွက်လည်း အ လုပ်အကိုင်များ ဖန်တီးပေးနိုင် မယ်လို့ အင်ဒိုနီးရှားအစိုးရက ပြောပါတယ်။ အဲဒီစိုက်ပျိုးမြေ အသစ်ထွင်မယ့်ဒေသမှာ လော လောဆယ်နေထိုင်သူ လူဦးရေ ဟာ တစ်သိန်းခုနစ်သောင်း လောက်ပဲရှိနေပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ၄၉ ရာခိုင်နှုန်းအထိ ရင်းနှီးမြှုပ်နှံနိုင် တယ်လို့လည်း သိရပါတယ်။ အရင်းအနှီးကြီးသူများက မြေယာ ကို လက်ဝါးကြီးအုပ်ပြီး ထိန်းထား တာမျိုးမဖြစ်ရအောင် ကုမ္ပဏီ တစ်ခုကို ဧကနှစ်သောင်းလေး ထောင်အထိသာ စိုက်ပျိုးရေး အတွက် စိုက်ပျိုးခွင့်ပြုမယ်ဆိုတာ ကိုလည်း အင်ဒိုနီးရှားအစိုးရက ရှင်းလင်းပြောဆိုထားပါတယ်။ ကုမ္ပဏီတွေကို စိုက်ပျိုးရေးအ တွက် ခွင့်ပြုတာဟာ အကန့်အ သတ်နဲ့ဖြစ်ပါတယ်။ ငါနဲ့ပတ် သက်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဆို ရင် များများအခွင့်အရေးပေးမယ် ဆိုတဲ့ ဘက်လိုက်တဲ့မူဝါဒမျိုးကို မကျင့်သုံးဘူးဆိုတာ မြင်နိုင်ပါ တယ်။

အစိုးရက ကုမ္ပဏီများကို နှစ်အကန့်အသတ်နဲ့ မြေကြီးအသုံး ပြုခွင့် ရောင်းချခြင်းသာဖြစ်ပြီး မြေကြီးကိုအပြီးအပိုင်ရောင်းချ တာမျိုးမဟုတ်ဘူးဆိုတာကိုလည်း လေ့လာသိရှိရပါတယ်။ ဂျပန်၊ တောင်ကိုရီးယားနဲ့ အရှေ့အလယ်ပိုင်းဒေသက နိုင်ငံတချို့က အင်ဒိုနီးရှားမှာ စိုက်ပျိုးရေးအတွက် ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှုများ ရှိနေကြပါတယ်။ သို့ သော်လည်း ဒီလို နိုင်ငံခြားကုမ္ပဏီတွေလာရောက်မြှုပ်နှံမှာကို အင်ဒိုနီးရှားလယ်သမားသမဂ္ဂက ကန့်ကွက်နေပါတယ်။ အသေးစား လယ်သမားတွေရဲ့ ဓားမဦးချလယ်ယာမြေတွေဆုံးရှုံးမှာကို စိုးရိမ်တဲ့ အတွက်ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ အကြီးစားစိုက်ပျိုးရေးကုမ္ပဏီတွေကို အသေးစားလယ်သမားတွေ မပြိုင်နိုင်ဘဲ ဖြစ်လာမှာကို စိုးရိမ်တာလည်း ရှိနေပါတယ်။ တစ်ဖက်မှာလည်း ကုမ္ပဏီတွေဟာ လယ်ယာမြေတွေကို အမြောက်အမြား ကိုင်တွယ်ပြီး စိုက်ပျိုးလာမှာမို့ ရှေးတုန်းကလို မြေရှင်ပဒေရာဇ်ဆန်တဲ့ အခြေအနေမျိုးဖြစ်လာနိုင် တယ်လို့လည်း လယ်သမားသမဂ္ဂကထောက်ပြပါတယ်။ အင်ဒိုနီးရှားအစိုးရနဲ့ လယ် သမားသမဂ္ဂတို့အကြားမှာ ကောင်းတယ်၊ ဆိုးတယ်၊ အကျိုးရှိတယ်၊ အကျိုးမရှိဘူးဆိုတဲ့အပေါ်မှာ နှစ်ဦးနှစ်ဖက် အချေအတင်အငြင်းအခုံဖြစ်တာကတော့ သဘာဝကျပါတယ်။ အငြင်းအခုံဖြစ်တာကိုခွင့်ပြုတဲ့စနစ် ရှိနေတာကိုက ဒီမိုကရေစီရဲ့ ကောင်းကွက်များထဲက တစ်ခုဖြစ် ပါတယ်။ ကိုင်း...အင်ဒိုနီးရှား သမ္မတကတော့  ၂၀၃၀ မှာ သူတို့နိုင်ငံဟာ ကမ္ဘာမှာ စားနပ်ရိက္ခာအများဆုံးတင်ပို့တဲ့ နိုင်ငံများထဲက တစ်နိုင်ငံဖြစ်လာ ဖို့ စိန်ခေါ်ကြေညာလိုက်ပါပြီ။ ဆန်စပါးတစ်မျိုးတည်းသာမက ကျန်တဲ့သီးနှံတွေနဲ့ သားငါးတွေပါ တင်ပို့ရောင်းချမယ်လို့ စိန်ခေါ် ထားတာပါ။ အင်ဒိုနီးရှားသမ္မတ ဆူစီလိုဟာ စစ်ဗိုလ်ချုပ်ဟောင်း ဖြစ်ပါတယ်။ သမ္မတကြီးဦးသိန်း စိန်လည်း ဗိုလ်ချုပ်ဟောင်းတစ်ဦးပါ။

ဗိုလ်ချုပ် ဖြစ်ခဲ့တာချင်းတူပေမယ့် ကွာနေတာတွေအများကြီးရှိနေတာကို မြင်ရပါတယ်။ သမ္မတဆူဆီလိုက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဖွံ့ဖြိုးတိုးတက်ရေးအမြင်ကို ကိုင်စွဲပြီးလုပ်ဆောင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်လူထွက်တွေမှာတော့ အခုအထိ အရာရာကို စစ်ရေးအမြင်နဲ့သာ ကြည့်နေဆဲပါ။ စစ်ရေးအမြင်နဲ့သာ တိုင်းထွာလုပ်ကိုင်နေပါတယ်။ အခုအာဏာရနေတဲ့ အစိုးရရဲ့ မိခင်ပါတီရဲ့အမည်မှာ ဖွံ့ဖြိုးရေးဆိုတဲ့ စကားလုံးပါနေပေမယ့်  အစိုးရခေါင်းဆောင် အတော်များများဟာ ဖွံ့ဖြိုးရေးအမြင်လုံးလုံး မရှိပါလို့ ဝေဖန်လိုပါတယ်။ သမ္မတကြီးကိုယ်တိုင်လည်း မိဘပြည်သူများခင်ဗျာဆိုတာကနေ တက်မလာသေးပါ။ အဲဒီကြားထဲမှာ တရုတ်ကိုကြောက်ရတယ်၊ နယ်လှည့်ပါးရိုက်မယ်၊ ထမင်းတစ်နပ်လျှော့စားပါ၊ မီးမလာဖယောင်းတိုင်ထွန်း၊ ဗိုက်လှန်အမာရွတ်ပြ၊ ရွှေလက်နဲ့ခေါ်တုန်းလာ အစရှိတဲ့ ဝန်ကြီးများရဲ့လုပ်ရပ်တွေကိုကြည့်ရင်လည်း ဖွံ့ဖြိုးရေးအမြင်ကို ကိုင်စွဲသူတွေ မဟုတ်ကြောင်း မြင်နေရပါတယ်။

မြန်မာနိုင်ငံက နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ အစိုးရအာဏာပိုင် များကတော့ အခုကာလမှာ စိုက် ပျိုးရေး  တိုးတက်လာဖို့ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ငြိမ်ချက်သား ကောင်းနေပါတယ်။ သူတို့ဆီက အခုအထိ ဘာသံမှမကြားရသေး ပါဘူး။ လယ်ယာစိုက်ပျိုးရေးကို အခြေခံနေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံ က လယ်သမား၊ ယာသမားတွေ တိုးတက်ဖွံ့ဖြိုးလာဖို့၊ စိုက်ပျိုးရေး ကနေ  နိုင်ငံခြားငွေတွေရရှိဖို့ ဘယ်လိုကြိုးစားမယ်၊ ဘယ်လို လုပ်ဆောင်မယ်ဆိုတဲ့ အသံတွေ တစိုးတစိမှ အုပ်ချုပ်သူတွေဆီက ထွက်မလာသေးပါ။ တိုင်းသူပြည် သားတွေကို ဘယ်အချိန်ဘယ် ကာလမှာ၊ ဘယ်လောက်အတိုင်း အတာအထိ နိုင်ငံခြားကို ဆန်တင်ပို့မှုတွေ တိုးတက်စေရမယ်လို့ အင်ဒိုနီးရှားသမ္မတလိုတရားဝင်  ကြေညာပြောကြားနိုင်ခြင်း လည်းမရှိသေးပါဘူး။ မြန်မာပြည်ကို စစ်ဗိုလ်ချုပ်များ အသွင်အမျိုးမျိုးနဲ့ အုပ်ချုပ်ခဲ့တာ နှစ်ပေါင်းငါးဆယ်ကျော်ခဲ့ပါပြီ။ သူတို့ဆီက တိုင်းပြည်တိုးတက်ရေး၊ ဖွံ့ဖြိုးရေးအတွက် နိုင်ငံသားတွေကို ဘာကတိကဝတ်မျိုးမှ သေသေချာချာပေးခဲ့တယ်ဆိုတာကို မကြားမိသေးပါ။ မြန်မာအစိုးရဘယ်လဲ၊ ဘာလဲလို့တောင် မေးသင့်နေပါပြီ။

၂၀၁၅ မှာ ရွေးကောက်ပွဲ အတွက် အနိုင်ရအောင် ကြံစည် ကြိုးပမ်းနေတာကြောင့် အလုပ် များနေကြလို့လား။ ဒါမှမဟုတ် အပစ်မရပ်သေးတဲ့အဖွဲ့တွေရယ်၊ အပစ်အခတ်ရပ်စဲထားတဲ့တိုင်း ရင်းသား  လက်နက်ကိုင်အဖွဲ့ အစည်းတွေရယ် စတာတွေနဲ့ ပြောတာဆိုတာ  မပြီးပြတ်သေးလို့ လား။ ကားပါမစ်တွေ၊ ရွှေတူးခွင့် တွေ၊ သတ္တုတူးဖော်ခွင့်တွေနဲ့ တခြားစီးပွားလုပ်ငန်းတွေကြောင့် အလုပ်တွေရှုပ်နေကြလို့လား။ အဲ ဒါမှမဟုတ်ဘူးဆိုရင်လည်း အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက် ဖို့ ဥပဒေပြဋ္ဌာန်းတာနဲ့ အလုပ်ရှုပ် နေကြသလား။ ကာယကံရှင်များ ကတော့ အသိဆုံးဖြစ်မှာပါ။ တစ် ချိန်က ဆန်စပါးအထွက်ကောင်း ခဲ့လို့ နိုင်ငံတကာမှာ လူသိများခဲ့ တဲ့ မြန်မာပြည်ဟာ အနာဂတ်တစ် ချိန်မှာတော့ ဆန်စပါးအပါအဝင် တခြားသော  စိုက်ပျိုးကုန်တွေ လည်း အထွက်ပြန်ကောင်းလာ စေဖို့ ဘာမှမလုပ်ကြတော့ဘူး လား။ ဒီလိုအလုပ်တွေလုပ်ဖို့ လည်း စိတ်ကောဝင်စားကြရဲ့ လား။ ဖွံ့ဖြိုးတိုးတက်ရေးအမြင် များ ကိန်းအောင်းနိုင်စေဖို့ ပြောလိုက်ပါကြောင်း။

7day daily