လူငယ်ဘောလုံးသမားများ အသက်စတင်စစ်ဆေးသောနေ့တွင် အသက်လိမ်ထားသူများ တွေ့ရှိ

ပို့စ်တင်ချိန် - 4/28/2014 08:59:00 AM


ဘောလုံးကစားသမားများအသက် မှန်ကန်မှုရှိရန် ကော်မတီဖွဲ့ပြီးနောက် လူငယ်ကစား သမားများကို စစ်ဆေးရာတွင် အများစုမှာ အသက်မီသော်လည်းသုံး၊ လေးနှစ်ခန့်လျှော့၍ လိမ်လည်မှတ်ပုံတင်ထားခြင်း၊ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများ ပြင်ဆင်ထားခြင်းတို့ကို စိစစ်တွေ့ရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းရရှိသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်သည် ‘‘ပြည်တွင်းကစားသမား များ အသက်စိစစ်စစ်ဆေးရေး ကော်မတီ’’ကို ဖွဲ့စည်းခဲ့ပြီး ဧပြီ ၂၅ ရက်မှ စတင်ကာ မြန်မာနေ ရှယ်နယ်လိဂ်(MNL) နှင့် MNL 2 လူငယ်ပြိုင်ပွဲများတွင် အသက် မှန်ကန်ရေးအတွက် ကစားသမား တစ်ဦးချင်းစီ၏ မူရင်းမှတ်ပုံတင်၊ မွေးစာရင်း၊ သန်းခေါင်စာရင်းများကို စစ်မှန်မှုရှိ၊ မရှိနှင့် အသက်အထောက်အထားအသေးစိတ်ကို စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း ဧပြီ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။

အသက်လိမ်ထားသော်လည်း လူငယ်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ရန် အသက်မီပြီး ကစားခွင့်ရသော ကစားသမားများ ပြန် လည်ကစားခွင့် ရရေးအတွက် မွေးသက္ကရာဇ် အမှန်အတိုင်းရှိ သော မှတ်ပုံတင်၊ သန်းခေါင်စာ ရင်းများဖြင့် အသက်မှန်ကန်မှု စစ်ဆေးရေးကြီးကြပ်မှုကော်မတီသို့ ပြန်လည်လျှောက်ထားရန် ခွင့်ပြု ထားကြောင်း သတင်းထုတ်ပြန် ချက်တွင် ဖော်ပြသည်။

သိသိသာသာ လိမ်ထားပြီး အသက်ကျော်နေသော ကစားသမားအချို့ကိုမူ ကစားခွင့်ရရေး အတွက် မှတ်ပုံတင်ခွင့်ပြုမည် မဟုတ်တော့ဘဲ အသက်လိမ် လည်မှုနှင့် ပတ်သက်ပြီး သံသယရှိသော ကစားသမားများကို ထပ် မံစိစစ်ကာ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ အချက်အလက်များပေးပို့ကာ အသက်အတိအကျကို စစ်ဆေးရန်ဆောင်ရွက်သွားမည်ဟုလည်း ဘောလုံးအဖွဲ့ချုပ်ကဆိုသည်။

သိသိသာသာအသက်လိမ်ထားခြင်း၊ မှတ်ပုံတင်၊ သန်းခေါင် စာရင်း/မွေးစာရင်းများကို လိမ် လည်ပြင်ဆင်ခြင်းများ ပြုလုပ် သော ကစားသမားများကို မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကျင်းပသည့် မည်သည့်ဘောလုံးပြိုင်ပွဲတွင်မဆို ပါဝင်ကစားခွင့်ပြုမည် မဟုတ်ပေ။

သက်ဆိုင်ရာဝန်ကြီးဌာနမှ စိစစ်ပြီးမှ မှတ်တမ်းအရအသက် လိမ်လည်ထားမှု ထပ်မံပေါ်ပေါက်လာပါက ကစားသမားအား မည်သို့သော ဘောလုံးပြိုင်ပွဲတွင်မဆို ပါဝင်ကစားမှု အနည်းဆုံး ၂ နှစ် ပိတ်၍ အရေးယူမည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

‘‘အဖွဲ့ချုပ်က အပေါ်အသင်းတွေကိုတော့ ဘယ်လိုစစ်မလဲမသိဘူး။ အောက်အသင်းတွေမှာ ကစားသမားမှတ်ပုံတင်ရင် အသက် ၁၉ နှစ် သတ်မှတ်တယ်လို့သိရတယ်။ အဲဒီထက်ကျော်ရင် တော့ အရေးယူမယ်ထင်တယ်’’ ဟု MNL 2 တွင် ကစားနေသော ကစားသမားတစ်ဦးက ပြောကြားသည်။

ဘောလုံးအဖွဲ့ချုပ် အနေ ဖြင့် ကစားသမား အသက်များ စိစစ်ရာတွင် လူငယ်ကစားသမားများ အများဆုံး ၀င်ရောက် ကစားသော MNL 2 ကို သေချာစွာ စစ်ဆေးပြီး MNL 1 မှ ကစားသမားများထက်ပို၍ စစ်ဆေးသည်ဟု ၎င်းကဆိုသည်။

Author: ခန့်ထက်[nid:5511]
7Day Daily