သင်္ကြန် နီးကပ်လာသည်နှင့်အမျှ မဲဆောက်-မြ၀တီလမ်းကြောမှတစ်ဆင့် ယာဉ်တန်းအဆင်း နေ့တိုင်း နေရပ်ပြန်လာသူ ၃၀၀၀ အထက်ရှိ

ပို့စ်တင်ချိန် - 4/10/2014 12:36:00 PM

ထိုင်းနိုင်ငံမှ သောင်းရင်းမြစ်ကိုဖြတ်၍ ပြန်လည်ဝင်ရောက်လာသော မြန်မာအလုပ်သမားများအား တွေ့ရစဉ်

နှစ်သစ်ကူးသင်္ကြန် နီးကပ်လာသည်နှင့်အမျှ မဲဆောက်-မြ၀တီလမ်းကြောမှတစ်ဆင့် နေရပ်ရင်း မြန်မာနိုင်ငံသို့ ယာဉ်တန်းအဆင်း နေ့တိုင်းပြန်လာသူ မြန်မာအလုပ်သမား ၃၀၀၀ အထက်တွင်ရှိကြောင်း သောင်ရင်းမြစ်ကမ်းစပ်နေသူများထံမှ သိရသည်။

“ခုရက်ပိုင်း ပြန်လာသူတွေ အရမ်းများပါတယ်။ အလုပ်သမား ယာယီနယ်စပ်ဖြတ်သန်းခွင့် ပတ်စ်စပို့ စာအုပ်နဲ့  တံတားပေါ်မှ ပြန်လာနေကြလာတာ ထောင်ကျော်ရှိရင် သောင်ရင်းမြစ်ကို ဖြတ်ကူးသွားလာသူက သုံးဆခန့် ပိုပါတယ်။ ဒီရက်တွေမှာ အဆင်းရက်လည်း ပြန်လာကြပါတယ်”ဟု ချစ်ကြည်ရေးတံတားမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးက ပြောကြားသည်။

မြ၀တီ ဒေါနတောင်ကျော်ကားလမ်းမှာ မော်တော်ယာဉ်များ အဆင်းတစ်ရက် အတက်တစ်ရက်သာ သွားလာနိုင်၍ ယာဉ်တန်းအတက်နေ့ ပြန်လာသူများအနေဖြင့် မြ၀တီမှ ကော့ကရိတ်ဆိုင်ကယ်ဖြင့် ဆင်းပြီးမှ နေရပ်သို့ ပြန်နေကြရကာ ငွေကုန်ကြေးကျ များပြားလျက်ရှိသည်ဟု ဆိုသည်။

ယာဉ်တန်းအဆင်း နေ့တိုင်းပြန်လာသူ ထောင်ပေါင်းများစွာ ရှိခြင်းကြောင့် မြ၀တီ -ရန်ကုန် တိုက်ရိုက်ခရီးသွား မော်တော်ယာဉ်လက်မှတ်ခ ဈေးတက်သော်လည်း လက်မှတ်ဝယ်ယူရရှိဖို့  အခက်အခဲရှိကြောင်း။ နေရပ်ပြန် များပြားပြီး လိုင်းတိုမော်တော်ယာဉ်များကြောင်းလည်း ယခုရက်ပိုင်းအတွင်း ချစ်ကြည်ရေးတံတားထိပ်တွင် အဆင်းနေ့ နံနက်တိုင်း မော်တော်ယာဉ်ရှုပ်ထွေးမှု မြင့်တက်လျက်ရှိသည်။

ထို့ပြင် သင်္ကြန်မတိုင်မီ ထိုင်းဘက်ကို ပြန်လည်ထွက်ခွာကြသည့် မြန်မာအလုပ်သမားများလည်း အမြောက်အမြားရှိသည်။

မဲဆောက်-မြ၀တီလမ်းကြောမှ ရောက်ရှိလာပြီး ဒေသစိမ်းနေသူများမှာ နှစ်နိုင်ငံသောင်ရင်း နယ်ခြားမျဉ်းနှစ်ဖက်တွင် ဖြားယောင်းသွေးဆောင်ကာ ပါလာသောငွေကြေးများကိုလည်း လိမ်လည်ခံနေရကြောင်း ချစ်ကြည်ရေးတံတားနေသူများက ပြောကြားသည်။

“ထိုင်းကနေ နေရပ်ပြန်လာကြသူတွေအနေနဲ့ အထူးသတိထားဖို့ လိုပါတယ်။ ကိုယ့်ကိုအမြတ်ထုတ်မယ့် လူတွေထဲမှာ ကိုယ့်နိုင်ငံသားတွေ ပါဝင်တာရှိသလို ကိုယ့်နိုင်ငံသား မဟုတ်သူတွေလည်း ပါတယ်။ လက်ရှိအနေအထားအရကတော့ လိမ်ညာခံနေရသူတွေ နေ့စဉ်ဆိုသလိုပဲ အနည်းနဲ့အများရှိနေတယ်” ဟု သောင်ရင်းကမ်းစပ်မှာ ကော်ဖီဆိုင်ဖွင့်လှစ်ရောင်းချနေသူတစ်ဦးက ပြောဆိုသည်။

မြ၀တီ-ရန်ကုန် တိုက်ရိုက်ပြေးဆွဲနေသော ခရီးသွားယာဉ်လိုင်း ၂၀ ခန့် ရှိပြီး မြ၀တီ -တောင်ငူ၊ မြ၀တီ- သံတောင်၊ ပဲခူး၊ ဖြူး စသည်ဖြင့် အဝေးပြေးယာဉ်လိုင်းများ သင်္ကြန်မတိုင်မှီ ယာဉ်စီးခ မြင့်တက်သလို မြ၀တီ-မော်လမြိုင်၊ မြ၀တီ-ဘားအံ ပြေးဆွဲနေသော ယာဉ်ငယ်များလည်း ယာဉ်စီးခ မြင့်တက်နေပြီဖြစ်၍ နှစ်သစ်ကူးသင်္ကြန်ကာလကို ကားသမားရာသီဟု မြ၀တီဒေသခံများက ပြောဆိုကြသည်။



Eleven Media Group