ကုသိုလ်တစ်ခု စွဲမြဲပြု

ပို့စ်တင်ချိန် - 4/21/2014 12:17:00 PM


       ကုသိုလ်တစ်ခုကို အနည်းအကျဉ်းမျှဖြစ်သော်လည်း မြဲမြံစွာ ပြုကျင့်ရင် များစွာသောအကျိုးကို ရရှိပါတယ်။
       ရှေးအခါက အိန္ဒိယနိုင်ငံမှာရှိတဲ့ ဟိမ၀န္တာတာကြီးထဲမှာ ရသေ့ငါးရာ နေထိုင်ခဲ့ပါတယ်။ ဟိမ၀န္တာတောဟာ တိရိစ္ဆာန်ပေါင်းစုံ ကျက်စားတဲ့ နေရာတစ်ခုပါ။ သစ်ပင်တောတောင်ထူထပ်စွာနဲ့ အလွန်အေးချမ်းတဲ့နေရာလေးပါ။ မနက်မနက်ဆို ငှက်ကလေး   တွေ ပျော်မြူးစွာ တေးဆိုကြတယ်။ မျောက်ကလေးတွေ တစ်ပင်မှ တစ်ပင် ကူးလူးပျော်ရွှင်နေကြတယ်။ ပန်းမျိုးစုံ၊ အသီးမျိုးစုံ နဲ့ အေးချမ်းတဲ့ တောရိပ်မြုံပါပဲ။ အပူအပင်ကင်းပြီး ဆိတ်ငြိမ်စွာ နေလို၊ ကျင့်ကြံလိုတဲ့ သူတော်ကောင်းတွေပဲ နေလေ့ရှိပါတယ်။

       အလောင်းတော်ဦးစီးတဲ့ ရသေ့ငါးရာဟာ သူ့နေရာနဲ့သူ ကိုယ်စီ တရားအားထုတ်နေခဲ့ကြပါတယ်။ ထူးခြားတဲ့ ရသေ့တစ်ပါးကတော့ မနက်တိုင်းမနက်တိုင်းမှာ ငှက်ကလေးတွေ၊ ယုန်သမင်စတဲ့ တောတိရိစ္ဆာန်လေးတွေကို ရေတိုက်လေ့ရှိပါ တယ်။ ရသေ့ဟာ တိရိစ္ဆာန်လေးတွေနဲ့ အတူ အပြန်အလှန် ဖြူစင်တဲ့ မေတ္တာဓာတ်တွေနဲ့ နေ့စဉ် ကုသိုလ်ယူခဲ့တယ်။ တံငါ နားနီး တံငါ မုတ်ဆိုးနားနီးမုတ်ဆိုးဆိုသလိုပဲ သူတော်ကောင်းတွေအနားမှာ ကျက်စားကြတဲ့အတွက် တိရိစ္ဆာန်လေးတွေ ဟာလည်း ယဉ်ကျေးလို့နေပါတော့တယ်။

       တစ်ခုသော နွေရာသီမှာတော့ ကံဆိုးစွာပဲ မိုးခေါင်ရေရှားတဲ့ပြဿနာတစ်ခု ကြုံလာ ပါတော့တယ်။ ရသေ့တွေရော တိရိစ္ဆာန်   လေးတွေပါ ရေအခက်တွေ့ကြရပါတယ်။ သို့ပေမယ့် ရသေ့ဟာ တိရိစ္ဆာန်လေးတွေကို သနားတဲ့အတွက် ခတ်ခတ်ခဲခဲနဲ့ပဲ ရေ အနည်းငယ်ကို တောထဲရအောင်လိုက်ရှာခဲ့တယ်။ ပြီးတော့ သစ်တုံးတစ်တုံးကို ထွင်းပြီး ရေခွက်လုပ်ကာ တောတိရိစ္ဆာန်   လေးတွေကို နေ့စဉ် တိုက်ခဲ့ပါတယ်။ တိရိစ္ဆာန်လေးတွေအတွက် ရေရှာနေရနေရလို့ သူစားဖို့ သစ်သီးသစ်ဥ ရှာရန်ပျက် ကွက်ခဲ့ပါတယ်။ ကိုယ်တိုင်အနစ်နာခံပြီးတော့ တိရိစ္ဆာန်လေးတွေ ဒုက္ခမရောက်အောင် စောင့်ရှောက်ခဲ့တယ်။ ဒါကို နားလည် တဲ့ တောတိရိစ္ဆာန်လေးတွေဟာ စုရုံးပြီး တိုင်ပင်ကြပါတော့တယ်။ "အပေါင်းအသင်းတို့ ကျေးဇူးရှင် သူတော်စင်ရသေ့ဟာ တို့အတွက် ရေရှာနေရတဲ့အတွက် သူစားဖို့ပင် မရှာနိုင်ခဲ့ပါ။ အရမ်းကျေးဇူးကြီးမာလှပါတယ် သူငယ်ချင်းတို့။ သူတော် စင်ကြောင့် တို့အသက်ရှင်ကြရတယ်။ တို့ ဒီတိုင်းနေလို့ မဖြစ်ဘူး။ သူတော်စင်အတွက် သစ်သီးသစ်ဖုတွေ ရှာပေးမှ တော် လိမ့်မယ်။ ဒါကြောင့် ကိုယ်နိုင်သလောက် အသီးသီး သစ်သီး သစ်ဖုရှာဖွေပြီး ယူခဲ့ကြမှ ကောင်းလိမ့်မယ်။ သစ်သီးသစ်ဖုမပါပဲနဲ့ မလာကြပါနဲ့" ဟု သဘောတူ ပြောဆိုကာ အသီးသီး သွားရှာကြလေတော့သည်။

       နောက်နေ့မှာတော့ တောတိရိစ္ဆာန်အသီးသီး သစ်သီးသစ်ဖု ကိုယ်စီနဲ့ ရှင်ရသေ့အား ပူဇော်ကြလေတော့သည်။ ရသေ့ လည်း အလွန်ကျေးဇူးသိတတ်တဲ့ တိရိစ္ဆာန်လေးတွေကို ကြည့်ပြီး ပီတိဖြစ်ရပါတယ်။ သူတို့ယူလာတဲ့အသီးတွေဟာ သူထင် မကပဲ ရသေ့ငါးရာလုံး သုံးဆောင်လို့ရခဲ့ပါတယ်။ ဒါကို တွေ့မြင်တဲ့ ရသေ့ခေါင်းဆောင်ဟာ ရသေ့အားလုံးရဲ့ရှေ့မှာ ဤကဲ့သို့ ချီးကျူးစကားဆိုလိုက်ပါတယ်။

       "ကြည့်စမ်းပါဦး ရသေ့တို့၊ ရသေ့တစ်ပါးရဲ့ ကောင်းမူကြောင့် တို့အားလုံးကို တိရိစ္ဆာန်တွေက ခုလို သစ်သီးတွေနဲ့ ပေး ဆပ်ကြတယ်။ ရသေ့ဟာ သူကိုယ်တိုင် အနစ်နာခံပြီး သူများကောင်းကျိုးကို စွဲမြဲစွာ ပြုလုပ်သောကြောင့် သူလိုအပ်တာထက် ပိုလွန်သော အကျိုးကျေးဇူးတွေကို ရိပ်သိမ်းရတယ်။ ဒါကြောင့် တို့အားလုံး သူလိုပဲ ကောင်းမူတစ်ခုလုပ်တဲ့အခါမှာ စွဲစွဲမြဲမြဲ လုပ်သင့်ကြပေတယ်" ဟု ပြောဆို ချီးကျူးလေ၏။

       ထို့နောက် ရှင်ရသေ့သည် တရားလည်းအားထုတ်၊ နေ့စဉ် တိရိစ္ဆာန်လေးတွေကို ရေတိုက်ရင်း အေးချမ်းတဲ့ ဘ၀ကို ဖြတ် သန်းခဲ့ပါတယ်။ သေလွန်တဲ့အခါမှာတော့ ဗြဟ္မာပြည်ကို ရောက်ခဲ့ပါတော့တယ်။(အမ္ဗဇာတ်)

       ဒီဇာတ်တော်မှာ ကုသိုလ်တစ်ခုကို အာစိဏ္ဏကံဖြစ်အောင် စွဲစွဲမြဲမြဲပြုမှု၊ မေတ္တာဓာတ်တွေ အပြန်အလှန်ထားရှိကာ သူ့အကျိုး ကိုယ့်အကျိုးဆောင်ရွက်မှု၊ ငှက်တိရိစ္စာန်များရဲ့ ကိုယ့်ပေါ်ပြုဘူး သူ့ကျေးဇူးကို သိရှိကာ ပြန်လည်ပေးဆပ်မူ၊ စိတ်တူကိုယ်တူ ညီညီညွတ်ညွတ်ရှိမူ စတာတွေကို သိရှိခံစားရပါတယ်။

       လူရယ်လို့ဖြစ်လာလျှင် ဘ၀မှာ ဘယ်လိုနေထိုင်ကျင့်သုံးသင့်သလဲဆိုတာကို ညွန်ပြပါတယ်။ အေးချမ်းတဲ့ဘ၀တစ်ခု တည်ဆောက်ဖို့ အထက်ပါ သင်ခန်းစာများ မဖြစ်မနေလိုအပ်ပါတယ်။ ကုသိုလ်ပဲပြုပြု၊ အလုပ်တစ်ခုခုကိုပဲ လုပ်လုပ် မေတ္တာ အခြေခံပြီး စွဲစွဲမြဲမြဲ လေးလေးစားစား လုပ်ဖို့လိုပါတယ်။ တစ်ယောက်တည်းနေနေတာမဟုတ်ဘဲ ပတ်ဝန်းကျင်လူများစွာ၊ သတ္တ၀ါများစွာနဲ့ နေနေကြတဲ့အတွက် အပြန်အလှန်ကူညီရိုင်းပင်းမူ၊ ကျေးဇူးပြုမူလည်းရှိရမယ်။ အချင်းချင်းကွဲပြားစေမယ့် အပြုအမူ၊ အပြောအဆို၊ အကြံအစည်တွေ မပြုလုပ်ဘဲ တစ်ယောက်နဲ့တစ်ယောက် နားလည်မူရှိစွာနဲ့ ညီညီညွတ်ညွတ် နေ ထိုင်ကြရပါမယ်။ ဒါဆိုရင်တော့ အင်မတန်အေးချမ်းတဲ့လူ့အဖွဲ့အစည်းဖြစ်လာမှာပေါ့။

       ဒီနေရာမှာ မေတ္တာစွမ်းအားကြီးမားတာကိုလည်း တွေ့ရပါတယ်။ လူနဲ့ တိရိစ္ဆာန် စကားမတူတဲ့အတွက် နားမလည်သော် လည်းပဲ မေတ္တာရဲ့သဘောကို အပြန်အလှန်သိရှိကြပါတယ်။ မေတ္တာမှာ ကြားခံဘာသာစကားမလိုပါဘူး။ တစ်ကယ်အပြန် အလှန် မေတ္တာထားတယ်ဆိုရင် အလိုလိုသိကြပါတယ်။ အသိဥာဏ်နည်းတဲ့ တိရစ္ဆာန်လေးတွေတောင် မေတ္တာသဘောနားလည် ပြီး ပြန်လည်ကျေးဇူးပြုသေးရင် အသိဥာဏ်ရှိတဲ့ လူများအနေဖြင့် ပိုပြီးတော့ နားလည်တုံပြန်သင့်တာပေါ့။

       ဒါကြောင့် စာဖတ်သူများအားလုံး ဒီဇာတ်တော်ကပေးတဲ့ ဘ၀နေထိုင်မူနည်းလမ်းလေးများကို နားလည်ရယူပြီး အလုပ်တစ်ခု၊ ကုသိုလ်တစ်ခုကို မေတ္တာနဲ့ယှဉ်ပြီး စွဲစွဲမြဲမြဲ ပြုလုပ်ပါ။ ကျေးဇူးတရားကို နားလည်သိတတ်ပြီး ကျေးဇူးဆပ်ပါ။ ကိုယ့်မိသားစု၊ ကိုယ့်အသိုင်းအ၀ိုင်းထဲမှာ သင့်တင့်အောင်နေထိုင်ပါလို့ တိုက်တွန်းပါတယ်။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ