မြန်မာမှာ မူးယစ်ဆေး ပြဿနာပိုမို ကြီးထွားလာ

ပို့စ်တင်ချိန် - 4/15/2014 04:06:00 PM


မြန်မာနိုင်ငံ ရှမ်းပြည်နယ် နယ်စပ်တနေရာက ဘိန်းစိုက်ခင်းတခု (Credit: Reuters) 


မြန်မာနိုင်ငံက ​မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေဟာ ​ပြင်ပနိုင်ငံတွေကိုပဲ ​ထိခိုက်နစ်နာမှု ​ဖြစ်စေခဲ့ပေမယ့် ​ခုအခါမှာ ​ပြည်တွင်းပြဿနာအထိ ​ဖြစ်လာနေပြီလို့ ​သိရပါတယ်။


အထူးသဖြင့် ​ရှမ်းပြည်နယ်မှာဆိုရင် ​မူးယစ်ဆေးဝါး ​သုံးစွဲတဲ့ ​လူငယ်တွေ ​ပိုများလာရုံတင်မက ​ရာဇာဝတ်မှု ​ကျူးလွန်သူတွေလည်း ​ပိုများလာတာကို ​ရပ်မိရပ်ဖတွေအပြင် ​ရဲတွေကလည်း ​ကြုံတွေ့ဖြေရှင်းပေးနေရတယ်လို့ ​ဆိုပါတယ်။

လားရှိုးမြို့မှာဆိုရင် ​လူငယ်ဦးရေ ​၆၀% ​ကနေ ​၇၀% ​အထိ ​မူးယစ်ဆေးဝါးတွေ ​သုံးစွဲနေကြတယ်လို့ ​သင်းအုပ်ဆရာ ​ဇော်ဖန်းက ​ကျိုဒိုးသတင်းကို ​ပြောပြခဲ့ပါတယ်။

တရားမဝင် ​မူးယစ်ဆေးဝါး ​ကုန်ကူးသူတွေကလည်း ​တရားဥပဒေ ​စိုးမိုးမှု ​နည်းပါးတဲ့အတွက် ​အခက်အခဲတွေ ​များများစားစား ​မကြုံရပဲ ​မူးယစ်ဆေးဝါးတွေကို ​ဈေးချပြီး ​ရောင်းဝယ်နိုင်ကြတယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ​ကမ္ဘာပေါ်မှာ ​ဒုတိယဘိန်းစိုက်ပျိုးမှု ​အများဆုံးနိုင်ငံဖြစ်ပြီး ​တရားမဝင် ​စိတ်ကြွဆေးပြားတွေကို ​ထိုင်း၊ ​တရုတ်နိုင်ငံတို့ထက် ​အဆမတန် ​ထုတ်လုပ်နေတဲ့ ​နိုင်ငံဖြစ်တယ်လို့ ​ကုလသမဂ္ဂက ​ဆိုပါတယ်။

ခုဆိုရင် ​ဘိန်းထုတ်လုပ်မှုက ​၂၆% ​တိုးလာပြီး ​တန်ချိန်ပေါင်း ​၈၇၀ ​လောက် ​ထုတ်လုပ်လာနေတယ်လို့ ​ဆိုပါတယ်။

မူးယစ်ဆေးဝါးတွေ ​ထုတ်လုပ်ရာမှာ ​အသုံးပြုဖို့အတွက် ​ကုန်ကြမ်းတွေကို ​ဝယ်ယူတင်သွင်းနေတဲ့ ​နိုင်ငံလည်း ​ဖြစ်လာနေပါတယ်။

အရင်တုန်းက ​မြန်မာအစိုးရက ​တရားမဝင် ​မူးယစ်ဆေးဝါး ​ထုတ်လုပ်မှုကို ​၂၀၁၄ ​ခုနှစ်မှာ ​အပြတ်တိုက်ဖို့ ​စီစဉ်ခဲ့ပေမယ့် ​ခုအခါမှာ ​၂၀၁၉ ​ခုနှစ်အထိ ​ရွှေ့ဆိုင်းလိုက်တာ ​ဖြစ်ပါတယ်။

ရှမ်းပြည်နယ် ​တောင်ပိုင်း ​ဖယ်ခုံမြို့နယ် ​မှာလည်း ​ကယန်းမျိုးဆက်သစ် ​လူငယ်တွေက ​စစ်တမ်းတစ်စောင် ​ကောက်ယူရာမှာ ​မူးယစ်ဆေးဝါးသုံးစွဲခဲ့ဖူးသူ ​၉၀% ​လောက်ရှိတာကို ​တွေ့ခဲ့ရပေမယ့် ​အဲဒီလူတွေဟာ ​မူးယစ်ဆေးဝါးစွဲလမ်းသူတွေမဟုတ်ပဲ ​သုံးစွဲခဲ့ဖူးသူတွေ ​ဖြစ်ကြောင်း ​သိရပါတယ်။

radioaustralia