အဲဗာတန်နှင့်ပွဲတွင် ယူနိုက်တက်ကို နိုင်စေချင်ကြောင်း ဂီရော့ဒ်ဝန်ခံ

ပို့စ်တင်ချိန် - 4/19/2014 01:13:00 PM


အဲဗာတန်အသင်းကို မန်ချက်စတာ ယူနိုက်တက် အနိုင်ကစားပြနိုင်မည်ဟု မျှော်လင့်မိကြောင်း အာဆင်နယ် တိုက်စစ်မှူး အိုလီဗီရာ ဂီရော့ဒ်က ဝန်ခံ ပြောကြားလိုက်သည်။

အာဆင်နယ်နှင့် အဲဗာတန်တို့သည် ချန်ပီယံလိဂ်ဝင်ခွင့် နောက်ဆုံးကန့်သတ်နေရာဖြစ်သည့် အမှတ်ပေးဇယား အဆင့်(၄)တွင် ရပ်တည်နိုင်ရန် အပြိုင်ကြိုးစားနေရာ ဂွတ်ဒီဆင်ပါ့ခ်၌ ယူနိုက်တက်က အနိုင်ရလဒ် ဖော်ဆောင်ခြင်းဖြင့် အာဆင်နယ်အတွက် အထောက်အကူ ဖြစ်လာရန် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူးက လိုလားနေခြင်း ဖြစ်သည်။ အကယ်၍ ယူနိုက်တက်က အဲဗာတန်ကို အနိုင်ယူခဲ့ပြီး အာဆင်နယ်ကလည်း (၃)မှတ်အပြည့် ရခဲ့မည်ဆိုပါက ချန်ပီယံလိဂ် ဝင်ခွင့်နေရာသည် လန်ဒန်ကလပ်အတွက် သိသိသာသာ လမ်းကြောင်းပွင့်သွားမည့် အခြေအနေ ရှိနေသည်။

ဂီရော့ဒ်က “နောက်ဆုံးလက်ကျန် (၄)ပွဲကို ဖလားဗိုလ်လုပွဲတွေလို သဘောထားပြီး ကျွန်တော်တို့ ကစားရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ ကံကြမ္မာက ကိုယ့်လက်ထဲမှာချည်း ရှိနေတာ မဟုတ်ဘူးလေ”ဟု အာဆင်နယ် အသင်း၏ တရားဝင်ဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။ “တစ်ဖက်မှာ အဲဗာတန်လည်း ရှုံးပါစေလို့ ကျွန်တော် မျှော်လင့်တယ်။ ဒီတစ်ပတ် ယူနိုက်တက်နဲ့ ပွဲမှာပဲ ဖြစ်ဖြစ်ပေါ့။ ကျွန်တော်တို့ အနေနဲ့လည်း ကိုယ်ကစားတဲ့ ပွဲစဉ်တိုင်းအတွက် အာရုံစိုက်ထားဖို့ လိုပါတယ်။ အခြေအနေက စောင့်ကြည့်ရဦးမှာပါ။ ဒါပေမဲ့ အရင်ဆုံး ကိုယ့်တာဝန် ကိုယ်ကျေဖို့တော့ လိုတယ်လေ”ဟု ဂီရော့ဒ်က သုံးသပ်ခဲ့သည်။

၎င်းက လက်ရှိရာသီ ခြေစွမ်းကို ကျေနပ်အားရကြောင်းလည်း ဆိုသည်။ “ကျွန်တော့် မှတ်တမ်းတွေကို ကျေနပ်ပါတယ်။ ကိုယ်က တိုက်စစ်မှူး တစ်ယောက်ဆိုရင် ဒီလိုအချက်အလက်တွေနဲ့ တိုင်းတာချိန်ထိုး ခံရမယ်ဆိုတာ သဘောပေါက်ရမယ်လေ။ ပြီးတော့ ကျွန်တော် အသင်းဖော်တွေအတွက် ဖန်တီးထောက်ကူမှုတွေလည်း လုပ်ပေးနိုင်ခဲ့တယ်။ အသင်းက နောက်ဆုံးလက်ကျန် (၄)ပွဲမှာ ကျွန်တော့်အကူအညီကို လိုအပ်နေမယ် ဆိုတာကိုလည်း သိပါတယ်။ ကျွန်တော့် အနေနဲ့ အသင်းအတွက် နောက်ထပ်နောက်ထပ် ဂိုးတွေသွင်းဖို့ ကြိုးစားရမှာပါ”ဟုလည်း ဂီရော့ဒ်က ပြောဆိုသွားသည်။

Soccer Myanmar