ကျောင်းစာသင်ရင်း မှတ်ခဲ့ရတဲ့ နိုင်ငံရေး - ဒေါက်တာတင့်ဆွေ

ပို့စ်တင်ချိန် - 4/21/2014 03:13:00 PM


• ‘ဖဆပလ’ အစိုးရခေတ်က၊ စာသင်ကျောင်းရတာ တို့ရွာမှာ၊
• ‘ပြည်တော်သာစီမံကိန်း’ ကြောင့်တဲ့ဗျာ၊
• ‘မဆလ’ ငါးနှစ်စီမံကိန်းတွေခေတ်မှာ၊
• ရွာကကျောင်းလေး ပြင်တောင်မပေးနိုင်ပါ။

• အဲသည် ဒီမိုကရေစီခေတ်မှာ ‘သူပုန်’ ဆိုတာ၊
• ဘယ်သူလာလာ အိမ်မှာသာတည်းကြ၊
• ‘အစိုးရ’ လာလဲ အိမ်မှာတည်းကြ၊
• စာမသင်ရသေးတဲ့အရွယ်မှာ၊ နိုင်ငံရေးဆိုတာ နားရည်ဝ။

• ပုဆိုးစလွယ်သိုင်းအရွယ်၊ ကလေးငယ်ဘဝ၊ ဓါးပြဆိုတာကို ရှောင်ပုန်းခဲ့ရ၊
• တိုက်ပုံဝတ်တဲ့အရွယ်၊ ဆရာဝန်ဘဝ၊ ထောက်လှမ်းရေးကို ရှောင်ပုန်းခဲ့ရ၊
• ဓါးပြကိုလဲ မုန်း၊ ထောက်လှမ်းရေးလဲ ကျဆုံး။

• မူလတန်းကျောင်းသားအရွယ်မှာ၊
• အဝါ၊ အနီ၊ အပြာ၊ မဲဆွယ်ကြတာကြား၊
• မဲပြားဆိုတာသိ၊ မဲခိုးတယ်လို့တော့ မကြားခဲ့မိ။

• ခုနစ်တန်းဖြေပြီးစ၊ ‘ဖဆပလ’ နှစ်ခြမ်းကွဲတာ၊ နွေကျောင်းပိတ်ချိန်မှာ၊
• အဝါ နု-တင်၊ အနီ ဆွေ-ငြိမ်း၊ အစိမ်း တသီးပုဂ္ဂလ၊ အပြာက ပမညတ၊
• ‘မဆလ’ ကြတော့ အပြာနု၊ လူထုကတော့ ဖွဲပြာစု။

• ကျောင်းတက်စ ‘အဆင်ဘလီ’ မှာ၊ သစ္စာအဓိဋ္ဌာန် မှန်မှန်ဆိုကြရ၊
• ‘ဆိုသာဆို ပိုမိုသည့်စကား’၊ နားထဲမှာကြား။

• ရှစ်တန်း ကျောင်းခန်းထဲမှာ၊ ဗလာစာရွက်နဲ့ရောက်လာ၊
• ‘ယူနီယံဟောင်းတနေရာ’ သီချင်းစာသား၊ အလွတ်ကျက်မှတ်ထား။

• ကိုးတန်းအရောက်မှာ အသက်မပြည့်လို့ စာမေးပွဲမဖြေရပါ၊
• ‘ပညာဆိုတာ အိုစာမှ’ တဲ့၊ တကယ့်အစိုးရ၊ တော်လှန်ရေးကောင်စီခေတ်က။

• ‘အမျိုး-ဘာသာ’ ဆိုတာ အခုမှမဟုတ်ပါ၊
• ဆယ်တန်းမှာ သိပ္ပံဘာသာတွေကို အင်္ဂလိပ်လိုသင်၊
• ‘အဲတာမလိုချင်၊ မြန်မာလိုသင်’ တဲ့၊
• တကယ့်အစိုးရ၊ ‘မဆလ’ ခေတ်က။

• ကောလိပ်ကျောင်းသားများ အထူးအခွင့်အရေးခံစားရတာ ဆိုရှယ်လစ် ခေတ်မှာပါ၊
• ရွှေဝါတဖြတ်၊ ဖိနပ်တရံ၊
• ကျောင်းသားမှန်ရင် ကျား-မ မရွေး၊ မွှေးဆပ်ပြာတခဲ၊ သွားတိုက်ဆေးတဗူး၊
• အထူးစပါယ်ရှယ်၊ ကုန်သွယ်ရေးမှာ ဝယ်ခွင့်ရကြတယ်။

• ဆေးကျောင်းမှာ လူမှုရေးဆေးပညာ၊ ‘ဆင်းရဲလို့ဖြစ်တဲ့ရောဂါ’ လို့ ပြောခွင့်မရှိပါ၊
• မကြာမီမှာ ‘အယ်လ်ဒီစီ’ လို့ ကြေညာ။

• ‘မဆလ’ ခေတ်မှာ မဲပုံးပြောင်းထည့်၊
• ‘နဝတ/နအဖ’ ခေတ်မှာ ကျွန်တော်တို့ကို ‘အမဲစာရင်း’ ထဲထည့်၊
• ၂ဝ၁ဝ မှာ ကြိုတင်မဲနဲ့၊ တကယ့်အစိုးရ၊ အခုတက်နေတာဗျ။

ဒေါက်တာတင့်ဆွေ
၂၁-၄-၂ဝ၁၄