ပျားမွေးတဲ့အလုပ်မှာ ကူညီပေးနေတဲ့ မြည်းလေး အတွက် ပျားမတုပ်တဲ့ဝတ်စုံကို သခင်က ချုပ်လုပ်ပေး

ပို့စ်တင်ချိန် - 4/30/2014 05:28:00 AM


ဘရာဇီးနိုင်ငံက ပျားမွေးသူ Manuel Juraci ဟာ သူရဲ့ လုပ်ဖော်ကိုင်ဖက် မြည်းလေး Boneco အတွက် ပျားတွေ တုပ်မယ့်ရန်က ကာကွယ်ပေးမယ့်ဝတ်စုံကို ချုပ်လုပ်ပေးခဲ့ပါတယ်။


Boneco ဟာ ကမ္ဘာ့ပထမဆုံး ပျားမွေးမြူရေးလုပ်နိုင်တဲ့ မြည်းလေးဖြစ်ပါတယ်။ Boneco နဲ့ သခင် Manuel တို့  အတွဲဟာ အီတလီနိုင်ငံ၊ Itatira မြို့ ရဲ့ ပျားမွေးမြုရေးလုပ်ကိုင်သူ လုပ်ငန်းရှင်ပေါင်း ၁၂၀ ကြားမှာ အအောင် မြင်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီမြည်းလေးကြောင့် အရင်ကထက် ပျားရည်တွေ အမြောက် အများရရှိနေတယ်လို့ Manuel က ပြောကြားခဲ့ပါတယ်။



ပျားမွေးမြူရေးသမား Manuel ဟာ တီထွင်ဖန်တီးတတ်တဲ့ဥာဏ်ပြေးလို့  ဒေသခံတွေက Professor Pardal လို့ တောင် ခေါ်ဝေါ်ကြပါတယ်။ Professor Pardal ဆိုတာ နာမည်ကျော် Donald Duck ကာတွန်းဇာတ်လမ်းတွဲထဲက သိပ္ပံပညာရှင် ကြက်ကလေးနာမည်ပါ။

Boneco ဟာ ပျားမွေးမြူရေးလုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေတဲ့ ပထမဆုံး တိရစ္ဆာန်အဖော်တော့ မဟုတ်ပါဘူး။ တောင်သြစတြေးလျက လာဘရာဒေါ ခွေးကလေး Bazz ဟာ သခင်ဖြစ်သူ Josh Kennet ရဲ့ ပျားမွေးလုပ်ငန်းမှာ ကူညီလုပ်ကိုင်ပေးနေပါတယ်။ မကြာမီကပဲ Bazz အတွက် ပျားမတုပ်မယ့် ၀တ်စုံကို သခင်က ဖန်တီးချုပ်လုပ်ပေးခဲ့ပါသေးတယ်။

“ ပျားမွေးမြူရေးလုပ်ငန်းမှာ ကျရောက်တတ်တဲ့ ရောဂါပိုးအန္တရာယ်ကို သိရှိဖို့ နဲ့ ရောဂါပိုးမဖြစ်အောင် ကာကွယ်တားဆီးဖို့ အရေးကြီးပါတယ်။ ဒါမှ ပျားတွေ ကောင်းကောင်းအသက်ရှင်နိုင်မှာပါ။ Bazz ဟာ ဒီရောဂါပိုးကို အနံ့ ခံနိုင်တာကို ကျွန်တော် သိခဲ့တယ်ဗျ။ သူ့ ကြောင့် ပျားကောင်ရေ ထောင်ပေါင်းများစွာ ကယ်ဆယ်နိုင်ခဲ့တယ်လေ။ ဒါပေမယ့် သူ့ ကို ပျားတွေဝိုင်းတုပ်တဲ့အခါ ပျားတွေနားမှာ သူမနေချင်ဘူး။ ဒါကြောင့် ခွေးလေး ကောင်းကောင်းဝတ်နိုင်ပြီး ပျားတွေတုပ်မယ့်ရန်က ကာကွယ်နိုင်မယ့် ၀တ်စုံကို ချုပ်ပေးဖို့  ကျွန်တော် စိတ်ကူးရခဲ့တာပါ” လို့ သခင်ဖြစ်သူ Josh က ဆိုပါတယ်။

Ref: Mirror.co.uk
Trend Myanmar