ကိုမိုးသီးဇွန်ခေါင်းဆောင်ကာ ဦးဝင်းတင် နောက်ဆုံးခရီး လမ်းလျှောက်ပို့ဆောင်

ပို့စ်တင်ချိန် - 4/23/2014 01:39:00 PM


နန်းလွင်နှင်းပွင့်

ရန်ကုန်၊ မဇ္ဈိမ။ ။ ၈၈ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမင်းကိုနိုင်ခေါင်းဆောင်ကာ လူ ၁၅၀ခန့်သည် ဦးဝင်းတင်၏ နောက်ဆုံးခရီးအတွက် မြောက်ဥက္ကလာ အဝိုင်းမှ စတင်ကာ
လမ်းလျှောက် ပို့ဆောင်ရန် ဧပြီလ ၂၃ရက် နံနက် ၁၁နာရီခွဲတွင် စတင်ထွက်ခွာနေပြီဖြစ်သည်။

"ဆရာကြီးကို နောက်ဆုံးဂုဏ်ပြုတဲ့အနေနဲ့ ကျွန်တော်တို့ လမ်းလျှောက်ပို့ဖို့ ဆုံးဖြတ်လိုက်တာပါ၊ သူ့လမ်းစဉ်တွေအတိုင်း ကျွန်တော်တို့ ဆက်ပြီး လုပ်ဆောင်မယ်"ဟု ကိုမိုးသီးဇွန်က မဇ္ဈိမကို ပြောသည်။

လမ်းလျှောက်ပို့ဆောင်ရာတွင် ကိုမိုးသီးဇွန်အပါအဝင် ၈၈ ကျောင်းသားအချို့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်မှ ကျောင်းသားခေါင်းဆောင်အချို့နှင့် ပြည်သူအချို့ ပါဝင်သည်။ လမ်းလျှောက်သူများသည် ဦးဝင်တင်၏ ဓာတ်ပုံများ၊ ဦးဝင်းတင်ပုံပါသော သတင်းစာများကို ကိုင်ဆောင်ကာ လမ်းလျှောက်ကြခြင်းဖြစ်ပြီး ခွပ်ဒေါင်းအလံအနီနှင့် အလံအပြာတို့ကိုလည်း ကိုင်ဆောင် ထားကြသည်။

လမ်းတစ်လျှောက်ရှိ အိမ်များ၊ ဆိုင်များတွင်လည်း ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ခွပ်ဒေါင်းအလံကို တစ်ဝက်ချထားသည်ကို တွေ့ရပြီး လမ်းတစ်လျှောက် ပြည်သူများကလည်း ပူးပေါင်း ပါဝင်လာသည်။ မြောက်ဥက္ကလာ သုဓမ္မာလမ်းရှိ ညရပ်ကွက်တွင် အယောက် ၃၀ခန့် ပါဝင်သည့် လူငယ်အဖွဲ့ကလည်း ပူးပေါင်းပါဝင်သည်ကို တွေ့ရသည်။

" အခုလမ်းလျောက်တဲ့ ရည်ရွယ်ချက်က ပြည်သူတွေအားလုံး ပူးပေါင်းပါဝင်နိုင်အောင် စပြီး လမ်းဖွင်ပေးတာဖြစ်တယ်။ အရမ်းကြီးကျယ်ခန်းနားတဲ့ ပွဲတွေမှာ ပြည်သူတွေက ပါဝင်ဖို့ခက်ခဲတဲ့အတွက် ဖြစ်တယ်"ဟု ၈၈ကျောင်းသားတစ်ဦးဖြစ်သည့် ဦးစိန်လှိုင်က မဇ္ဈိမကို ပြောသည်။

လမ်းလျှောက်သူများသည် မြောက်ဥက္ကလာ အဝိုင်းမှ ရေဝေးသုဿန်အထိ လမ်းလျှောက်ပို့ဆောင်မည်ဖြစ်သည်။ ရေဝေးသုဿန်တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များ၊ နိုင်ငံရေးသမားများ၊ ပြည်သူများ ရောက်ရှိနေပြီဖြစ်ပြီး ဂါရဝပြုပွဲ အခမ်းအနားကို ၁၂နာရီတွင် စတင်မည်ဖြစ်သည်။ ညနေ ၅နာရီတွင် ဦးဝင်းတင်၏ ရုပ်ကလပ်ကို ဂူသွင်းသင်္ဂြိုလ်မည်ဖြစ်သည်။

Mizzima Burmese