မြန်မာအစိုးရက သတင်းမီဒီယာတွေကို တကယ်ကိုပဲ မုန်းတီးနေသလား

ပို့စ်တင်ချိန် - 4/11/2014 07:45:00 PM



DVB သတင်းထောက် ကိုဇော်ဖေကို မကွေးမြို့နယ်တရားရုံးက ပိုင်နက်ကျူးကျော်မှု၊ ဝတ္တရားနှောင့်ယှက်မှုတွေနဲ့ ထောင်တစ်နှစ်ချမှတ်ခဲ့တာကို သတင်းမီဒီယာအဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန်ပဲ ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ ပွင့်လင်းစ သတင်းမီဒီယာကို မြန်မာအစိုးရက ခြိမ်းခြောက်လိုက်တာလား။

အစိုးရက တရားလိုလုပ်ပြီး စွဲဆိုခဲ့တဲ့ ပုဒ်မ ၃၅၃နဲ့ ၄၄၈တို့ကို သတင်းထောက် ကိုဇော်ဖေ ကျူးလွန်ခြင်းမရှိဘူးလို့ DVB သတင်းဌာနက အခိုင်အမာ ယုံကြည်နေပါတယ်။ အစိုးရဟာ ဥပဒေကို အသုံးချပြီး မီဒီယာကို ဖိအားပေးနေတာဖြစ်ပြီး တရားစီရင်ရေးကို အစိုးရက လွှမ်းမိုးနေသလားလို့ မေးခွန်းထုတ်လိုက်ပါတယ်။

ကိုဇော်ဖေအမှုကို အယူခံဝင်သွားမှာဖြစ်သလို သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး လှုပ်ရှားလှုံ့ဆော်သွားမယ်လို့ဆိုပါတယ်။ ဒီအမှုမှာ စာနယ်ဇင်းကောင်စီကလည်း ကြားဝင်ဖို့ အကန့်အသတ်ရှိနေတယ်လို့ဆိုပါတယ်။

သတင်းသမားတွေဟာ လူအများသိချင်တဲ့သတင်းကို ဘယ်နေရာမှာမဆို ရယူဖို့တာဝန်ရှိပြီး မီဒီယာဥပဒေအရ မဟုတ်ဘဲ ရာဇဝတ်မှုပုဒ်မတွေနဲ့ သတင်းသမားကို ဖမ်းဆီးထောင်ချတာဟာ မဖြစ်သင့်ဘူးလို့ ကိုဇေယျာလှိုင်က ဆိုပါတယ်။

အဂတိလိုက်စားတဲ့သတင်းတွေကို ဖော်ထုတ်ရေးသားတဲ့ သတင်းသမားတွေကို နည်းမျိုးစုံနဲ့ တရားစွဲနေတာကိုကြည့်ရင် မြန်မာအစိုးရဟာ သတင်းသမားတွေကို မလိုလားဘူးဆိုတာ ဖော်ပြနေတာလို့ ဆိုပါတယ်။ လွတ်လပ်တဲ့ သတင်းမီဒီယာမရှိဘဲ ဒီမိုကရေစီစနစ်ကို ဘယ်လိုမှ သွားလို့မရတာကြောင့် မီဒီယာတွေကလည်း သတင်းစာပညာအရည်အချင်း မြှင့်တင်ထားဖို့၊ ဥပဒေအကာအကွယ်ယူထားဖို့ လိုတယ်လို့ဆိုပါတယ်။

Kamayut Media