စကားများရာက ဇနီးအားဖျာပေါ်တွင် မီးရှို့သဖြင့်သေဆုံး

ပို့စ်တင်ချိန် - 4/13/2014 09:49:00 PM



နေပြည်တော်၊ ဧပြီ ၁၃
၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဆိတ်ဖူးကျေးရွာ၊ ကိုတူခွတဲတိုက်နေ ၀င်းလှိုင်(၃၇)နှစ်၏တောင်ယာတဲအား တောမီးကူးစက်လောင်ကျွမ်းရာမှ ၎င်း၏ဇနီးဖြစ်သူ မမိုးသူဇာ(၃၅)နှစ်သည် မီးလောင်ဒဏ်ရာဖြင့်သေဆုံးခဲ့ကြောင်းသိရ၍ တောင်တွင်းကြီးမြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်(၁၀/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။ အမှုအားစစ်ဆေးရာ ၀င်းလှိုင်၏တဲမှာ တောမီးကူးစက်သည့်အနေအထားမတွေ့ရခြင်းနှင့် သက်သေများ၏ထွက်ဆိုချက်များအရ ၀င်းလှိုင်အား ဆက်လက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ဖျာဝယ်သည့်ကိစ္စနှင့်စကားများကြရာ ၀င်းလှိုင်မှအရက်မူးကာ မမိုးသူဇာအား ဖျာပေါ်တွင်ထိုင်ခိုင်းပြီးဖျာလိပ်၏အဖျားတစ်ဖက်အား ဓါတ်ဆီလောင်း၍ ဂတ်စ်မီးခြစ်ဖြင့်ခြစ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပြုလုပ်မှုကြောင့် ဓါတ်ဆီအငွေ့ဟပ်ပြီး ဖျာလိပ်အားမီးလောင်ရာမှတစ်ဆင့် မမိုးသူဇာအား မီးကူးစက် လောင်ကျွမ်းသေဆုံးသွားကြောင်းနှင့် ၀င်းလှိုင်အား တောင်တွင်ကြီးမြို့မရဲစခန်း(ပ)၇၉/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်