နိုင်ငံခြားသားများအတွက် ကွန်ဒိုဈေးကွက်သစ်

ပို့စ်တင်ချိန် - 4/14/2014 09:43:00 AM


ပြည်တွင်းရှိ ကွန်ဒိုများ (စုပေါင်းပိုင် အဆောက်အအုံ) ၏ ဆဋ္ဌမထပ်နှင့် အထက်ရှိ ၄၀ ရာခိုင်နှုန်းထက် မကျော်သော အိမ်ခန်းများကို နိုင်ငံခြားသားများ ဝယ်ယူခွင့်ပြုကြောင်း ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန် ဆွဲဆောင် ဖိတ်ခေါ်လျက်ရှိသော မြန်မာနိုင်ငံသို့ ပြည်ပရင်းနှီးမြှုပ်နှံသူများ တစ်စထက်တစ်စ ပိုမိုဝင်ရောက်လာချိန်တွင် ၎င်းတို့အခြေချ နေထိုင်ရန် နေအိမ်လိုအပ်ချက် မြင့်တက်လာသည်။

ပြည်တွင်းအမြင် နိုင်ငံသားနှင့် နိုင်ငံခြားသား အားလုံးကို ဝယ်ယူခွင့်ပြုမည် ဆိုပါက အိမ်၊ ခြံ၊ မြေဈေးကွက် အနေအထား ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း ကမ္ဘာအေး ဘုရားလမ်းရှိ ပုလဲကွန်ဒိုတွင် လက်ရှိနေထိုင်သူ ဦးစပ်ဟန်ကြည်က ပြောကြားသည်။

“ပြည်တွင်းကို သိပ်ထိခိုက်နစ်နာမှု မရှိနိုင်ဘူး ထင်တယ်။ နိုင်ငံခြားသားကို ဝယ်ခွင့်ပြုတာကို သဘောကျပါတယ်။ ဝယ်သူများလာရင် ကွန်ဒိုတွေရဲ့ အရည်အသွေး ပိုကောင်းလာမယ်။ ဈေးကွက် ကျယ်ပြန့်လာတာနဲ့အမျှ ဈေးနှုန်းတွေပါ ကျသွားနိုင်တယ်” ဟု ၎င်းကဆိုသည်။

ပြည်တွင်းရှိ ကွန်ဒိုအများစုမှာ အမည်ခံ ကွန်ဒိုတိုက်ခန်းများသာ ဖြစ်ပြီး ကွန်ဒို ကြော်ငြာစဉ်ကနှင့် အမှန်တကယ် ဝယ်ယူချိန်တွင် ကွာခြားမှုများ ရှိနေကြောင်း ၎င်းကပြောဆိုသည်။

မြန်မာနိုင်ငံတွင် ကွန်ဒိုဥပဒေ (စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ) မရှိသေးသောကြောင့် ကွန်ဒို ဆောက်လုပ်မှုများတွင် ဈေးကွက် လိုအပ်ချက်ပေါ် မူတည်၍ ကိုယ်ပိုင် စံသတ်မှတ်ချက်များနှင့် ဆောက်လုပ်မှုများရှိပြီး လက်ရှိတွင် စင်ကာပူနိုင်ငံ၏ စံကိုယူ၍ ကွန်ဒိုဆောက်လုပ်လျက် ရှိကြောင်း Golden City ဆောက်လုပ်ရေး၊ ဈေးကွက် ရှာဖွေရေးဌာန ဒါရိုက်တာ ဦးသက်နိုင်ဦးက ပြောကြားသည်။
“အစိုးရဘက်က Standard  (စံနှုန်း) မသတ်မှတ်သရွေ့ကတော့ Developer (တည်ဆောက်သူ) တွေ အနေနဲ့ ကိုယ့်သတ်မှတ်ချက်နဲ့ကိုယ် အဆင်ပြေသလို လုပ်နေရဦးမှာပဲ” ဟု ၎င်းကဆိုသည်။

နိုင်ငံခြားသားများကို ကွန်ဒို၊ တိုက်ခန်း ဝယ်ယူခွင့်ပြုပါက ဈေးကွက်ကို အနည်းငယ် သက်ရောက်မှု ရှိနိုင်ပြီး ဈေးနှုန်း မြင့်တက်နိုင်သော်လည်း ရှိသင့်သည့် ဈေးနှုန်းထက် ပိုမိုသောနှုန်းအထိ မြင့်တက်မှုမျိုး မဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။
“ဘန်ကောက်၊ ကွာလာလမ်ပူလို မြို့ကြီးတွေနဲ့ ယှဉ်ပြီးပြောမယ်ဆိုရင် ရန်ကုန်ကွန်ဒို၊ တိုက်ခန်းဈေးကွက်မှာ ဈေးထပ်တက်နိုင်ခြေ ရှိသေးတယ်” ဟု ၎င်းကခန့်မှန်းသည်။

ဝယ်ခွင့်ပြုလျှင်

နိုင်ငံခြားသားများကို ကွန်ဒို ဝယ်ယူခွင့် ပြုမည်ဆိုလျှင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးတက်လာမည့်အပြင် ပြည်တွင်းတွင် လာရောက် လုပ်ကိုင်လိုသော နိုင်ငံခြားသားများကို ပိုမိုဆွဲဆောင်နိုင်မည် ဖြစ်ကြောင်း စီးပွားရေး ပညာရှင်တစ်ဦးက ပြောကြားသည်။

နိုင်ငံခြားသားများကို ကွန်ဒိုဝယ်ယူခွင့် ပြုခြင်းသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးလာနိုင်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းနှင့် အခြားဆက်စပ် လုပ်ငန်းများ လုပ်ကိုင်သူ ဦးကျော် (အမည်လွှဲ) က ပြောဆိုသည်။

“နိုင်ငံခြားသားတွေကို အခုချိန်မှာ ဝယ်ယူခွင့်ပြုမယ် ဆိုရင်တောင် နောက်ကျနေတယ်လို့ ပြောရမယ်။ ကွန်ဒို ဥပဒေကလည်း မထွက်သေးတော့ ပြည်တွင်း လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ရကိုင်ရ ခက်ခဲတာတွေ ရှိတယ်” ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ပြည်တွင်းရှိ ကွန်ဒိုများကို ဝယ်ယူရန် နိုင်ငံခြားသားများ စိတ်ဝင်စားမှု အများအပြားရှိပြီး ယင်းအနက်အကြောင်း အမျိုးမျိုးကြောင့် မြန်မာပြည်ဖွား ပြည်ပနိုင်ငံသား ခံယူထားသူများလည်း ပါဝင်ကြောင်း Golden City ဆောက်လုပ်ရေးမှ ဈေးကွက် ရှာဖွေရေးဌာန ဒါရိုက်တာ ဦးသက်နိုင်ဦးက ပြောဆိုသည်။

ဆွဲချ မရနိုင်သေးသော ရန်ကုန် မိုးထောင်အိမ်၊ ခြံ၊ မြေဈေးနှုန်းမှာ အနည်းငယ် ငြိမ်သက်နေသော်လည်း နိုင်ငံခြားသားများကို ကွန်ဒိုတိုက်ခန်း ဝယ်ယူခွင့်ပြုခြင်းသည် အချိန်စောနေသေးကြောင်း စီးပွားရေး ပညာရှင်တစ်ဦးက ပြောကြားသည်။
“ရောင်းလိုအားထက်ကျော်တဲ့ ဝယ်လိုအား ရှိနေပြီးသား ဈေးကွက်တစ်ခုမှာ နိုင်ငံခြားသားတွေကို ဝယ်ယူခွင့် ပေးလိုက်မယ်ဆိုရင် ဒီထက်ဈေးတွေ မြင့်သွားနိုင်တယ်” ဟု ၎င်းကဆိုသည်။

ပြည်ပရင်းနှီးမြှုပ်နှံသူများ ပြည်တွင်း အိမ်၊ ခြံ၊ မြေဈေးကွက်သို့ ဝင်ရောက်လာပါက ဈေးနှုန်း မြင့်တက်မှုများ ရှိလာနိုင်ပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုများလည်း ရှိလာနိုင်ကြောင်း ၎င်းက ထောက်ပြသည်။
“ကုန်ဈေးနှုန်း မြင့်တက်ရတဲ့ အခြေခံ အကြောင်းတရားတွေထဲမှာ မြေဈေးဟာလည်း တစ်ခုအပါအဝင်ပဲ။ မြေဈေး မြင့်လာရင် ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ မြင့်မယ်။ မြန်မာ့ထုတ်ကုန်တွေ ဈေးကွက်ထဲမှာ ယှဉ်ပြိုင်နိုင်စွမ်း လျော့ကျသွားမယ်” ဟု ၎င်းကရှင်းပြသည်။

ဈေး တက်၊ မတက်

ရောင်းလိုအား များနေသည့် ကာလတွင် ဈေးနှုန်း မြင့်တက်နိုင်ခြေ ရှိသော်လည်း ရှိသင့်သည့် တန်ဖိုးထက် ပိုမိုသော တန်ဖိုးဖြစ်နေပါက နိုင်ငံခြားသားများ အနေနှင့် ဝယ်ယူခြင်းထက် ငှားရမ်းခြင်းကိုသာ ပြုလုပ်မည် ဖြစ်ကြောင်း ဦးကျော် (အမည်လွှဲ) က ဆိုသည်။
“ရောင်းလိုအားနည်းချိန် ဝယ်လိုအားများရင် ဈေးမြင့်နိုင်တယ် ဆိုပေမယ့် ဈေးကစားလို့ တက်တာလား။ ဝယ်လိုအားများလို့ တက်တာလား ဆိုတာကို ကြည့်ရမယ်” ဟု ဦးသက်နိုင်ဦးက ပြောဆိုသည်။

အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်း ဈေးကစားမှုများရှိပြီး ပြည်တွင်းရှိ စီးပွားရေးသမားများက အဓိက ဈေးကစားခြင်း ဖြစ်သော်လည်း ကွန်ဒို၊ တိုက်ခန်း အရည်အသွေးပိုင်း ပိုကောင်းလာသည့်အတွက် လူနေမှု အဆင့်အတန်း ပိုမြင့်လာနိုင်ကြောင်း ၎င်းကဆိုသည်။

အနာဂတ် မျှော်မှန်းချက်

လာမည့် ငါးနှစ်အတွင်း တိုးချဲ့ တည်ဆောက်မည့် စီးပွားရေးဆိုင်ရာ ရုံးခန်းနေရာများ၊ ကွန်ဒိုများ၊ ဇုန်အလိုက် အခြေခံ အဆောက်အဦ တည်ဆောက်မှု များသည် လက်ရှိမြန်မာ့ အိမ်၊ ခြံ၊ မြေ ဝယ်လိုအားကို ကာမိရန် မဖြစ်နိုင်သေးသည့်အတွက် အနာဂတ် အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ဈေးနှုန်းဆက်လက် မြင့်တက်နေဦးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ လူမှုစီးပွား အကြံပေး ဒေါက်တာ အောင်ထွန်းသက်က ပြောကြားသည်။

နိုင်ငံခြားသားများ ကွန်ဒို ဝယ်ယူခွင့် ရရှိပြီး ဈေးကွက်အတွင်း ဝင်ရောက် လာသည့်ချိန်တွင် ရောင်းလိုအား၊ ဝယ်လိုအားအပေါ် မူတည်၍ ဈေးနှုန်း မြင့်တက်မှုများ ရှိနိုင်သော်လည်း ရေရှည်ကို ကြည့်မည်ဆိုပါက ကွန်ဒို၊ တိုက်ခန်း ဈေးကွက် ပိုမိုကျယ်ပြန့်လာပြီး ဈေးနှုန်းနှင့် ထိုက်တန်သော အရည်အသွေးကို ရရှိလာမည် ဖြစ်သည်။

အိမ်၊ ခြံ၊ မြေဈေးကွက်၏ ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရန် တန်ဖိုးနည်း၊ တန်ဖိုးမျှ၊ တန်ဖိုးကြီး စီမံကိန်းများ ဖော်ဆောင်နိုင်ရန် လိုအပ်ပြီး အစိုးရ၊ ပုဂ္ဂလိနှင့် ပြည်သူတို့ ပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ဆိုကြသည်။
“အရင်ကလို ကွန်ဒိုဆိုပြီး ပြည်သူတွေကို မလှိမ့်တပတ် လုပ်ရောင်းလို့ မရတော့ဘူး။ ဝယ်လိုအား များလာပြီး နိုင်ငံခြားသားတွေပါ ပါလာရင် အရည်အသွေးပိုင်း ကောင်းဖို့တော့ လိုတယ်” ဟု ဦးစပ်ဟန်ကြည်က ဆိုသည်။

ဝယ်လိုအားကို လိုက်မီနိုင်သည့် ရောင်းလိုအား ရှိပါက ဈေးနှုန်းငြိမ်နိုင်ပြီး ယင်းသို့ဖြစ်ရန် ဆောက်လုပ်ခွင့် ချထားပေးမှုကိုလည်း မြန်မြန်ဆန်ဆန် လုပ်ဆောင်ပေးရန် လိုကြောင်း ဦးကျော်က ဆိုသည်။
“စည်ပင်က ဆောက်လုပ်ခွင့်ကို ၄၅ ရက်လို့ ကြေညာထားပေမယ့် တကယ်တမ်း လုပ်တဲ့အခါမှာ ကြန့်ကြာမှုတွေ ရှိတယ်။ ကွန်ဒို ဆောက်ဖို့ အတွက်ဆိုရင် အနည်းဆုံး လေးလကနေ ခြောက်လလောက်အထိ ကြာတယ်” ဟု ၎င်းက ပြောဆိုသည်။

ဆောက်လုပ်ခွင့် မြန်မြန်ကျလျှင် ဆောက်လုပ်ရေး လုပ်ငန်းများ ပိုမိုမြန်ဆန်လာပြီး ဝယ်လိုအားနှင့် ရောင်းလိုအား မျှလာနိုင်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တချို့က ဆိုကြသည်။

စင်ကာပူနိုင်ငံတွင် နိုင်ငံခြားသားများအတွက် ကွန်ဒို၊ တိုက်ခန်းသီးသန့် ဈေးကွက်တစ်ခု ဖန်တီးပေးခြင်းဖြင့် နိုင်ငံခြားငွေ ရှာဖွေလျက်ရှိပြီး နိုင်ငံခြားသားများအကြိုက် တန်ဖိုးကြီးဈေးကွက် တစ်ခု ဖန်တီးနိုင်မည် ဆိုပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိနိုင်မည် ဖြစ်ကြောင်း ဦးကျော်က ဆိုသည်။

“နိုင်ငံခြားငွေ ပြည်တွင်း ဝင်လာမယ်။ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ဆက်စပ်လုပ်ငန်းတွေ ဖွံ့ဖြိုးလာမယ်။ အလုပ်အကိုင်တွေ ပိုဖန်တီးနိုင်မယ်။ အဆင့်အတန်းရှိတဲ့ နေထိုင်မှုပုံစံတွေ ရလာနိုင်မယ်” ဟု ၎င်းကပြောဆိုသည်။

စစ်ငြိမ်းသူ (The Voice)