မြန်မာတို့ အလှူမှာ မှန်စေဖို့ လမ်းညွန်

ပို့စ်တင်ချိန် - 4/17/2014 04:21:00 PM


မြန်မာ လူမျိုးများအား အခြား တိုင်းပြည်က လူမျိုးများနဲ့ ယှဉ်လိုက်ရင် အလှူအတန်း ပြုရာမှာ နောက်ကျ ကျန်ရှိ မရှိတာကို ဝမ်းသာစွာ တွေ့မြင်ရ ပါတယ်။ သို့ပေမယ့် ဝမ်းနည်းစွာ တွေ့မြင်ရတာ တစ်ခုက အချို့ဟာ မှားယွင်းစွာ အလှူဒါန ပြုနေခြင်း ဖြစ်ပါတယ်။ ဒီတော့ အလှူကောင်း အလှူမှန် ဖြစ်စေဖို့ အတိုဆုံး ဖြစ်အောင် ရေးသားလို့ မျှဝေ ပေးလိုက် ရပါတယ်။

ဘယ်သူ့ကို လှူမလဲ

အလှူလက်ခံ ရရှိမယ့် သူ အနေနဲ့ မြတ်စွာ ဘုရား သားတော်များ ဖြစ်တဲ့ သံဃာတော် များကို လှူတန်းခြင်း (သံဃ အလှူ) က အမြတ်ဆုံးလို့ ရေဘုယျအားဖြင့် ဆိုထားပေမယ့်၊ နိဗ္ဗာန် ကို ရည်စူးလို့ လှူတန်းသူများက လူစွဲ ပုဂ္ဂိုလ်စွဲ စွဲပြီးတော့ လှူလို့ မရ ပါဘူး။ အယုတ် အလတ်၊ အမြတ် မရွေး ပုဂ္ဂိုလ် သတ္တဝါ အစွဲမရှိပဲ လှူတန်း တတ်ဖို့ လိုပါတယ်။ သို့ပေမယ့် သီလ သမာဓိ တို့နဲ့ ပြည့်စုံတဲ့ သူများကို လှူတန်းခြင်းက ပိုမို ကြီးမားတဲ့ အကျိုး ကျေးဇူးကို ပေးကြောင်း မြတ်စွာ ဘုရားရှင်က ဟောထား ပါတယ်။ ယနေ့မှာ ပုဂ္ဂိုလ်စွဲ လူစွဲ လှူနေ သူများ ကြောင့် ဗုဒ္ဓဘာသာဝင် များရဲ့ အလှူဟာ ဘာသာခြားများ အမြင်မှာ ရှက်စရာ ဖြစ်နေ ပါတယ်။ ဒီတော့ လိုအပ်သော နေရာ၊ နဲ့ ဘယ်လို ပုဂ္ဂိုလ် မျိုး၊ ကျောင်းကန် မျိုးကို မဆို လှူဒါန်းရန် သင့်ပါတယ်။

ဘယ်လို စိတ်ထားလို့ လှူမလဲ

မလှူခင်မှာ ပွားများနေတဲ့ သဒ္ဒါ စေတနာ စိတ်၊ လှူဆဲ ကာလ အတွင်း ပွားများ ထက်သန် နေသော သဒ္ဒါ စေတနာ စိတ်၊ လှူပြီးတော့ အမြဲ လိုလို အောင့်မေ့ ပီတိ ဝမ်းသာ ဖြစ်နေသော သဒ္ဒါ စေတနာ စိတ် ယင်း စိတ် သုံးခုနဲ့ ယှဉ်လို့ လှူဒါန်းတဲ့ အခါမှာ အလှူဟာ အင်မတန် ထိရောက်ပြီး နိဗ္ဗာန် မရောက်ခင် ဆက်ကြား ကာလ အတွင်း များစွာ အကျိုးကောင်း ဖြစ်ထွန်း စေ ပါတယ်။

ဘယ်လို သိလို့ လှူရမလဲ
အလှူ တစ်ခုကို ပြုလုပ်တဲ့ အခါ အနည်းဆုံး အားဖြင့် ကိုယ့်ဆီမှာ ပါလာတာက အလောဘ ဖြစ်ပါတယ်။ လောဘ ဆိုတဲ့ တပ်မက်ခြင်း ဆိုတဲ့ တဏှာ တစ်ခုက သေချာ ပြုတ်နေ ပါပြီ။ အနည်းအများ တော့ ကွာ ပါတယ်။ တဏှာ ပြုတ်ရုံလေး ပါတဲ့ အလှူက သာမန် အလှူပါ။ ရတနာ သုံးပါးကို ယုံကြည်သော ကိုးကွယ် သဒ္ဒါစိတ်၊ ကံကံ ၏ အကျိုးကို ယုံကြည်သော စိတ် တို့ ပါပြီး တွန့်တိုတဲ့ မစ္စရိယ စိတ်ကို တွန်းလှန်လို့ လှူဒါန်း လိုက်တဲ့ အခါ အလှူအကျိုးကို သိရှိ ပြီး ထက်ထက်သန်သန် လှူဒါန်း ဒါကြောင့် အင်မတန် ထက်မြတ်တဲ့ အလှူ ဖြစ်ပါတယ်။

လှူခြင်း ရည်ရွယ်ချက်

ရည်ရွယ်ချက် အနေနဲ့ ပတ်ဝန်းကျင်က အပြိုင်အဆိုင် များကို ယှဉ်ပြိုင်လို့ လှူဒါန်းခြင်း၊ နောက်ဘဝ ချမ်းသာချင်သဖြင့် လှူဒါန်းခြင်း၊ သုဂတိ ဘုံ မှန်းထား လှူဒါန်းခြင်း၊ သူများ လှူသဖြင့် မကောင်း တတ်လို့ လှူခြင်း၊ ထုံးတန်း စဉ်လာအရ လှူရမည်ဟု သိသဖြင့် လှူခြင်းတို့က ဥာဏ်မပါတဲ့ အလှူ ဖြစ်ပါတယ်။ ဂုဏ် ပကာသန တို့ကို ယှဉ်ထားလို့ လှူတဲ့ အလှူက ကောင်းကျိုးပေး ပေမယ့် မပေးသလောက် နည်းအောင်သာ ပေးပါတယ်။ ဒီတော့ လှူဒါန်းတဲ့ ရည်ရွယ်ချက်က အထက်က ပြောခဲ့ သလိုပဲ လောဘ ပယ်သတ်ရန်၊ နိဗ္ဗာန် ကိုရည်စူး မှန်းထား လှူရ ပါမယ်။ နိဗ္ဗာန် မရောက်ရင်တော့ ကြားဆက်ကြား ကာလ အတွင်း တရား ကျင့်ကြံ အားထုတ်ဖို့ ကောင်း ကျိုးတွေ ပေးမှာကြောင့် ဖြစ်လေ ရာ ဘုံဘဝ ချမ်းသာမှာက ဆုမတောင်းလဲ ကြိမ်းသေ ရ ပါတယ်။

အလှူ ပမာဏ ဘယ်လောက် များရမလဲ

မလှူလို့ မရှိ၊ မရှိလို့ မလှူ ဟူသည့် ဆောင်ပုဒ်ကို မှတ်သားလို့ ငွေကြေး ချို့တဲ့ သူများက ငါတို့ ကတော့ မလှူနိုင် ပါဘူး။ မလုပ်နိုင်ပါဘူး။ သူတို့က ချမ်းသာတယ် လှူကြပေါ့ အစရှိသဖြင့် ပြောကြ ပါတယ်။ အမှန်တော့ အလှူဆိုတာ အရေအတွက် နဲ့ မဆိုင် ပါဘူး။ အရည်အသွေးနဲ့သာ ဆိုင်ခြင်း ဖြစ်ပါတယ်။ ဘုရားဟော ဇာတ်တော်ကြီး တစ်ခုတည်းမှာ သူဌေးကြီး တစ်ဦးဟာ သေခါနီး သူပြန်သတိရတဲ့ အလှူက ဘုရားသားတော် ရဟန်းများကို ဆွမ်းကပ်တဲ့ မဟာအလှူ မဟုတ်ပဲ လမ်းဘေး ခွေး တစ်ကောင်ကို ထမင်းကျွေးဖူးတဲ့ အလှူကို သွား သတိရ ပါတယ်။ အကြောင်း ကတော့ ခွေးလေးကို ကျွေးစဉ်မှာ သူ့ဆီ ထားရှိတဲ့ စိတ် အရည်အသွေးက အင်မတန် ထက်သန် နေလို့ ဖြစ်ပါတယ်။ ဘုရားသားတော် များကို လှူဒါန်းချိန်က သူ့စိတ် ထားရှိမှုက အရည် အသွေး မပြည့်ဝ ပါဘူး။ ဥပမာ - ဥာဏ်မပါခြင်း၊ လိုချင်တပ်မက်သော အလှူ ဖြစ်ခြင်း၊ ထုံးတန်း အရ လှူခြင်း တို့ကြောင့် အရေအတွက် များသော်လည်း အရည်အသွေး ချို့ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆိုလိုချင် တာ ကတော့ အလှူ တစ်ခု ပြုလုပ်ဖို့ အတွက် ငွေ တစ်ကျပ် မရှိလဲ ရ ပါတယ်။ ကိုယ်တိုင် လှူခြင်း၊ လှူသူကို တိုက်တွန်း လမ်းညွန် ကူညီ ခြင်း၊ လှူသူကို ချီးမွမ်း ခြင်း၊ လှူသူ၏ စိတ်နှင့် ထပ်တူ ဝမ်းသာ ပီတိ ဖြစ်ခြင်း အစရှိတဲ့ အင်္ဂါများနဲ့ ပြည့်စုံရင် အလှူလုပ်နေ တာပါပဲ။ နောက်ဆုံး လှူစရာ မရှိရင် သွေးလှူခြင်း၊ ဆံပင် လှူဒါန်း ခြင်းတောင် ပြုလုပ်လို့ ရပါတယ်။ ဘုရားထံ ရေတစ်ခွက် ကပ်တာလဲ အလှူ ပါပဲ။ အလှူငွေ တစ်ရာကို စေတနာ သဒ္ဒါ ထက်ထက် သန်သန်နဲ့ လှူဒါ ကလည်း အလှူ ပါပဲ။

အနှစ်ချုပ်

အလှူနှင့် ပက်သက်ပြီးတော့ အဘိဓမ္မာ နဲ့ အခြားသော ဆရာတော် ဘုရားများ ဟောကြားထားတဲ့ တရား တော် များကို နာကြား ကြဖို့ တိုက်တွန်း လိုပါတယ်။ စာရေးသူရဲ့ အနှစ်ချုပ် ဆောင်းပါး ကိုလည်း ဖတ်ရှုလို့ ကမ္ဘာ့ အကောင်းဆုံးသော အလှူမျိုးကို လှူဒါန်း နိုင်ကြဖို့ ဆုမွန်ကောင်း တောင်းပေး လိုက်ရ ပါတယ်။

အောင်ခမ်း (ရိုးရာလေး)