နေပြည်တော် မြေကြီးတွေမှာ ငွေသီးနေသော်လည်း

ပို့စ်တင်ချိန် - 4/18/2014 08:03:00 AM


‘‘ခင်ဗျာတို့ အလျင်လိုရွာကို သွားကြည့်လိုက်ပါ။ အရမ်းအောင်မြင်နေပြီ’’

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင် ပုဗ္ဗသီရိမြို့နယ်ရှိ စက်စက်ယိုစိုက်ခင်းရိပ်သာတွင် ဒေသခံလယ်သမားများအား ယခုနှစ်အစောပိုင်းက တွေ့ဆုံစဉ် ပြောကြားခဲ့သော စကားဖြစ်ပါသည်။

 အလျင်လိုကျေးရွာသည် ပျဉ်းမနားမြို့နယ်အတွင်း ပါဝင်ပြီး ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးတွင် တည်ရှိကာ ယခုအခါ အစိုးရမီဒီယာများတွင် မကြာခဏဖော်ပြခံရသော နိုင်ငံကျော်ကျေးရွာတစ်ရွာဖြစ်သည်။ အလျင်လိုသည် ပြည်ထောင်စုဝန်ကြီးပြောသကဲ့သို့ လယ်သမားများအဆင်ပြေသော ကျေးရွာလည်းဖြစ်သည်။ ယခင်ကလည်း  ပြေလည်ကြသည်။

အထူးသဖြင့် ဧက ၄၄၀ စက်မှုလယ်ယာစနစ်စိုက်ခင်းကွင်းက အကျိုးထူးပေးသည်ဟု ဆိုနိုင်သည်။ ‘‘အေးဆေးပဲ။ သြဘာကုမ္ပဏီကို  တစ်သီးတစ်သိန်းနှစ်သောင်းနဲ့ ပေးထားတယ်’’ဟု လယ်ဧကခြောက်ဧက ပိုင်ဆိုင်သော အလျင်လိုကျေးရွာမှ လယ်သမားဦးကျော်ဝေးကပြောကြားသည်။

အဆိုပါ ဧက ၄၄၀ တွင် သြဘာနှင့် အခြားကုမ္ပဏီအချို့က လယ်သမားများထံမှ လယ်များကို ယခုနွေစပါးတစ်သီးအတွက် တစ်ဧကလျှင် တစ်သိန်းနှစ်သောင်းကျပ်နှုန်းဖြင့် ငွေအပြတ်ပေးကာ ကိုယ်တိုင်လုပ်ကိုင်ပြီး စမ်းသပ်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

 ‘‘ကျွန်တော်တို့ ကိုယ်တိုင်စိုက်ရင် သူတို့လို (သွင်းအားစု) မထည့်နိုင်ဘူး။  တစ်ဧကတစ်သိန်းနှစ်သောင်းလည်း ရချင်ရနိုင်တယ်။ မရနိုင်တာက ပိုများတယ်’’ ဟု ဦးကျော်ဝေးက ဆက်လက်ပြောကြားသည်။ ထို့အပြင် ချေးငွေနှင့် MAPCO ကုမ္ပဏီကပေးသော တစ်ဧကလျှင် အိတ်တစ်ဝက်နှုန်း မြေသြဇာကိုလည်း လယ်သမားများရသေးသည်။

မိရိုးဖလာလယ်ယာစနစ်တွင် တစ်နှစ်တစ်သီးပင် မသေချာသော်လည်း စက်မှုလယ်ယာစနစ်ဖော်ထုတ်လိုက်ပါက တစ်နှစ်သုံးသီးစိုက်နိုင်ကာ လယ်သမားများလည်း ၀င်ငွေသုံးဆတိုးလာမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်က မကြာခဏ ပြောဆိုလေ့ရှိသည်။

သို့သော်လည်း သီးနှံစိုက်ပျိုးတိုင်းအကျိုးအမြတ်မကျန်ကြောင်း လယ်သမားများက ထင်မြင်လာကြသည်။ ‘‘ပုလဲသွယ်မိုးစပါးဆိုရင် တင်း ၈၀၊ ၉၀ လောက်ပဲ ထွက်တယ်။ GAPနည်းနဲ့စိုက်ရင် တစ်ဧက သုံးသိန်းကျော်ကုန်တယ်။ တင်းတစ်ရာ လေးသိန်းနဲ့တွက်ရင် အမြတ်မကျန်ပါဘူး။ ကိုယ့်လုပ်အားခလည်းရှိသေးတယ်’’ဟု လယ်လေးဧက လုပ်ကိုင်သော လယ်သမား ဦးသန်းထိုက်က သူ့အတွေ့အကြုံကို ဖွင့်ဟသည်။

ပုလဲသွယ်စပ်မျိုးသည် လွန်ခဲ့သည့် ၂ နှစ် စတင်စိုက်ပျိုးစဉ်က တစ်ဧက တင်း ၂၀၀ နှုန်းကို အနီးဆုံးအထိ (တင်း ၁၉၀) ထွက်ပေးခဲ့သော်လည်း လက်ရှိတွင်မူ နွေစပါး၌ ပျမ်းမျှ တင်း ၁၅၀ ၀န်းကျင်သာ ထွက်တော့သည်။

‘‘အဲဒီတုန်းကတော့ ကြိုတင်ငွေနှစ်သိန်းရလို့ အဆင်ပြေတယ်’’ဟု ဦးသန်းထိုက်ကဆိုသည်။ ထိုစဉ်က ဒေသစပါးမျိုးများ တင်းတစ်ရာလျှင် သုံးသိန်းကျော်သာ ပေါက်ဈေးရှိနေချိန် ဈေးကွက်မရှိသော  ပုလဲသွယ်စပ်မျိုးစပါးကို ဧရာဟင်္သာကုမ္ပဏီက တင်းတစ်ရာလေးသိန်းဈေး အာမခံပေးရုံသာမက တင်း ၅၀ ဖိုး (နှစ်သိန်း)ကို ကြိုတင်ထုတ်ပေးခဲ့သည်။

 ‘‘အခုကျတော့လည်း အရင်းကို အတိုးနဲ့ယူပြီးလုပ်။ စပါးပေါ် ပြန်ဆပ်၊ မထူးပါဘူး’’ဟု ဦးကျော်ဝေးကဆိုသည်။ လယ်ယာလုပ်ငန်းသည် ကိုယ်ပိုင်အရင်းအနှီးဖြင့် လုပ်လျှင်သာ အမြတ်ကျန်ပြီး အတိုးဖြင့် ချေးယူလုပ်ကိုင်လျှင်မူ အမြတ်မကျန်ကြောင်း ၎င်းကပြောကြားသည်။

 ယခုနှစ်တွင် နွေစပါးကို ဦးစားပေးပြီး အစောစိုက်ခဲ့၍ တစ်နှစ်သုံးသီးမစိုက်နိုင်တော့ဘဲ ကြားသီးနှံမတ်ပဲကို စွန့်လွှတ်လိုက်ရကြောင်း  လယ်သမားများက ပြောသည်။ ‘‘ဈေးကောင်းမယ့်နှစ်ကျမှ မတ်ပဲမစိုက်ခဲ့ရတာ နာတယ်ဗျာ’’ဟု ဦးသန်းထိုက်က နှာမြောတသစွာ ပြောသည်။

စိုက်ပျိုးရေးဘွဲ့ရပြီး UNDP တွင် လုပ်ကိုင်ခဲ့ဖူးသော ကိုနေစိုးကမူ ‘‘တစ်နှစ်သုံးသီးက နှစ်တိုင်းမရနိုင်ဘူး။ တစ်နှစ်ကျော်လုပ်မှသာ အဆင်ပြေမယ်’’ဟု ပြောသည်။

လယ်သမားဦးရေ ၁၄၀ ကျော်ရှိသော အလျင်လိုရွာပတ်ဝန်းကျင်တွင် ၂၈၈ ဧက စက်မှုလယ်ယာကွက်လည်း ရှိပါသည်။ ထို့အပြင် ACE ကုမ္ပဏီကလည်း တစ်ဧက ကျပ်သိန်း ၃၀၊ ၃၀ အထက်ဖြင့် ၀ယ်ယူထားသော လယ်ကွင်းကြီးကို လုပ်ကိုင်လျက်ရှိသည်ကိုလည်း တွေ့ရသည်။

ACE ကုမ္ပဏီသည် ထိုလယ်မြေများကို ၀ယ်ယူခဲ့စဉ်က မတရားနည်းလမ်းများသုံးခဲ့ကြောင်း သတင်းထွက်ခဲ့သော်လည်း ထိုကဲ့သို့မဟုတ်ဘဲ ကြိုက်ရောင်း၊ကြိုက်ဝယ်သာ ဖြစ်ခဲ့ကြောင်း ဒေသခံလယ်သမားအချို့က ပြောသည်။

လယ်ရောင်းပြီး လယ်မဲ့ဖြစ်သွားသူများနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် အဖြေက ထင်ထားသည်နှင့် ပြောင်းပြန်ဖြစ်နေသည်။ ‘‘လယ်ပျောက်တဲ့ လယ်သမားတွေက ပိုအဆင်ပြေတယ်’’ဟု လယ်သူမတစ်ဦးကပြောသည်။ ၎င်းတို့သည် လယ်ရောင်းပြီး ဈေးရောင်း၊ ဈေးဝယ်လုပ်စားနေကြရာမှ အရင်းအနှီးများတိုးပွားကာ အဆင်ပြေနေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့်ပင် မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌဦးစိုးထွန်းက  နိုင်ငံတစ်ဝန်းမှ တောင်သူလယ်သမားများ နောင်ဘ၀လူဖြစ်လျှင် နေပြည်တော်၌ လူဖြစ်အောင်  ဆုတောင်းသင့်သည်ဟုပင်ပြောသည်။

အလျင်လိုကျေးရွာသည် တစ်နိုင်ငံလုံးတွင်ရှိနေသော ကျေးရွာ၊ ခြောက်သောင်းကျော်မှ ကံကောင်းသော ကျေးရွာဖြစ်သည်။ ထိုရွာသို့ သမ္မတကြီးဦးသိန်းစိန် ကြွရောက်အားပေးသည်။  ဒုတိယသမ္မတ ဦးဉာဏ်ထွန်းလည်း ကြွရောက်မြှောက်စားသည်။ ဦးမြင့်လှိုင်၊ ဦးကျော်ဆန်း၊ ဦးဝင်းမြင့်၊ ဦးစိုးမောင်၊ ဦးအုန်းမြင့်တို့ကဲ့သို့သော  ပြည်ထောင်စုဝန်ကြီးများလည်း ခြေဦးလှည့်လေ့ရှိသည်။

 ‘‘ကျွန်တော်အရင်တစ်ခေါက်ကတော့ လေနဲ့ပဲလာတာပေါ့ဗျာ’’ ဟု ပြန်ကြားရေးဝန်ကြီးတာဝန်မှ သမ၀ါယမ၀န်ကြီးတာဝန်သို့ ပြောင်းလဲတာဝန်ယူစ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း ထိုရွာသို့ရောက်ရှိစဉ်က ပြောကြားခဲ့သောစကားဖြစ်သည်။

ယင်းနောက်တွင်လည်း အလျင်လိုကျေးရွာသားများ သမ၀ါယမအသင်း၏ အရစ်ကျချေးငွေဖြင့် နို့စားနွားများဝယ်ယူခဲ့ကြသကဲ့သို့ အသားတိုးဝက်နှင့် သားပေါက်ဝက်များလည်း  ၀ယ်ယူနိုင်ခဲ့ကြသည်။

  ‘‘အရင်ကတော့ နွားနို့ဖိုး တစ်နေ့ကို ၅၀၀၀၊ ၆၀၀၀ လောက်ရတယ်’’ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်သန်းကပြောသည်။ နွားကလေးကြီးလာသည်နှင့် နို့ထွက်လည်းနည်းကာ လက်ရှိတွင် နို့မထွက်တော့ပေ။ သို့သော်လည်း နွားတစ်ကောင်အမြတ်ရလိုက်သည်ဟု ဆိုသည်။

ထိုကျေးရွာတွင် ၁၈ လအကျေဆပ်(အရစ်ကျနှုန်းဖြင့်) နို့စားနွားမ ၁၄ ကောင်ကို သမ၀ါယမက အာမခံကာ ၀ယ်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အသားတိုးဝက်နှင့် သားပေါက်ဝက်များကလည်း ရွာ၏စီးပွားရေးကို အထောက်အကူပြုခဲ့သည်။

သမ၀ါယမကလည်း နှစ်ဧကခွဲအထက်ပိုင်သော လယ်သမားများကို ငါးသိန်းစီထုတ်ချေးရန်ရှိနေကြောင်း ကျေးရွာသမ၀ါယမအသင်း၏ အတွင်းရေးမှူးကပြောသည်။

 ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကလည်း သီးနှံများ ဈေးကောင်းရရှိရန် ဆောင်ရွက်ပေးမည်ဟု ပြောခဲ့ပြီးနောက် အနီးတစ်ဝိုက်တွင် ဆန်ပေါင်းခံစက်၊ အဆင့်မြင့်ဆန်စက်များ ရောက်ရှိရန် စွမ်းဆောင်ခဲ့ပြီး အကျိုးတူ လယ်ယာလုပ်ငန်းလုပ်ကိုင်နိုင်ရန်လည်း MAPCO နှင့် ချိတ်ဆက်ပေးခဲ့သည်။

နေပြည်တော်တွင် စပါးစိုက်ဧက တစ်သိန်းခြောက်သောင်းခန့်ရှိသည့်အနက် ဧကတစ်သောင်းကို စက်မှုလယ်ယာစနစ်ဖော်ဆောင်နေရာ ရာနှုန်းပြည့်ပြီးစီးလု ဖြစ်နေသည်။

နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဖော်ဆောင်မှုများရှိသကဲ့သို့ ဂျပန်နိုင်ငံကလည်း ၀င်ရောက်ထောက်ပံ့ကာ ဖော်ထုတ်လျက်ရှိသည်။ ကိုရီးယားနိုင်ငံကလည်း ဧက ၂၅၀ ကို ဖော်ထုတ်ပေးရန် စီစဉ်နေသည်။ အခြားသော နိုင်ငံတကာအထောက်အပံ့များဖြင့်လည်း ဌာနကိုယ်တိုင်  စံပြစိုက်ခင်းများ၊ တောင်သူပညာပေးစိုက်ခင်းများ ထူထောင်ကာ ပညာပေးလျက်ရှိသည်။

နေပြည်တော်တွင် ဤသို့ အရင်းအနှီးများစွာ မြှုပ်နှံနေခြင်းအပေါ် ဝေဖန်မှုများရှိနေသော်လည်း ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်ကမူ ကာကွယ်ပြောကြားလေ့ရှိသည်။ နေပြည်တော်သည် တစ်နိုင်ငံလုံး၏ မျက်နှာစာ၊ ဗဟိုချက်ဖြစ်နေ၍ ဦးစားပေးကြောင်း ပြောကြားလေ့ရှိသည်။

နေပြည်တော်တွင် သမပိုင်းရာသီဥတုရှိပြီး မြေဆီကောင်းကာ သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းနေခြင်းကလည်း ဦးမြင့်လှိုင်အတွက် ကြွားစရာဖြစ်နေသည်။ သို့သော်လည်း ပုလဲသွယ်က တင်း ၂၀၀ မှ ၃၀၀ အထိ ထွက်နိုင်သည်ဟူသော စကားလုံးမှာမူ ပေါ်မလာတော့ပေ။

၎င်းတို့အစိုးရလက်ထက်တွင် လယ်ယာကဏ္ဍအတွက် အခြေခံအုတ်မြစ်တစ်ခု ခိုင်ခိုင်မာမာ ဖော်ထုတ်မည်ဖြစ်ကြောင်းသာ အစည်းအဝေးများ၊ တွေ့ဆုံပွဲများတွင် ပြောကြားလာသည်။

ဧက ၃၀၀၀၊ ဧက ၉၀၀၊ ဧက ၄၄၀၊ ဧက ၃၄၆၊ ဧက ၂၈၈ စသဖြင့် စက်မှုလယ်ယာစနစ်စိုက်ကွင်းများ နေပြည်တော်တွင် ပျံ့ပျံ့နှံ့နှံ့ရှိနေသည်။ ထိုကဲ့သို့ ဖော်ထုတ်တိုင်းလည်း မြေတန်ဖိုးများ တစ်ဟုန်တိုးတက်သွားသည်။ သို့သော်လည်း ထိုအခွင့်အရေးကို သာမန်ပြည်သူများခံစားခွင့်မရဘဲ ပေါက်ရောက်သူများသာ သတင်းဦးရရှိပြီး အသုံးချသွားကြောင်း ဝေဖန်လျက်ရှိသည်။

တာဝန်ရှိသူများကမူ ထိုအချက်ကို မတုံ့ပြန်သေးပေ။ သတင်းစီးဆင်းမှု လွယ်ကူမြန်ဆန်ရန် ဒုတိယသမ္မတဦးဉာဏ်ထွန်းကလည်း တိုက်တွန်းလာသည်။

နေပြည်တော်တွင် သမ္မတလည်း လယ်စိုက်သည်၊  ပြည်ထောင်စုလွှတ်တော်နာယကလည်း လယ်စိုက်သည်ဟုဆိုကြသည်။ ပြည်ထောင်စုဝန်ကြီးအချို့လည်း စိုက်နေကြသည်။ လယ်စိုက်ခြင်း၏ အကျိုးနှင့် အရှုံးကိုလည်း သိနေသည်။

အလျင်လိုရွာကလွဲပြီး ကျန်သည့် စက်မှုလယ်ယာစနစ်ရွာများတွင်မူ တိုးတက်မှုပြယုဂ်ပေါ်ထွက်မလာသေးပါ။ တစ်ခုတော့ရှိသည်။ အလျင်လိုရွာက စည်းလုံးသည်။ ကြိုးစားသည်။ ဒါကြောင့် အထောက်အပံ့များလည်း ရခဲ့သည်။

နေပြည်တော်က လယ်မြေများအတွင်း မြှုပ်နှံပစ်လိုက်သော ငွေကြေးများအကျိုးရှိ၊ မရှိမှာမူ ဆုံးဖြတ်ရန် စောသေးကြောင်း ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။ ယင်းနိုင်ငံအပြင် ကိုရီးယားနိုင်ငံသည်ပင် ယခုကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုမျိုးကို လုပ်ဆောင်ခဲ့ကြောင်း ပြောကြားသည်။

သို့သော်လည်း လာမည့် ၂ နှစ်အတွင်း ခိုင်မာသည့် အုတ်မြစ်တစ်ခု အပြောနှင့်အညီ ပေါ်ထွက်လာရန်မှာမူ အစိုးရတွင် တာဝန်ရှိနေသည်။ ထိုအခါ အလျင်လိုရွာတွင် သာမကဘဲ နေပြည်တော် အပါအ၀င် နိုင်ငံတစ်ဝန်းမှ တောင်သူလယ်သမားများဆင်းရဲတွင်းမှ လွတ်မြောက်ရန် မှန်ကန်သော နည်းဗျူဟာ၊ မူဝါဒများရှိရန် လိုအပ်ကြောင်း လယ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

7daynewsjournal