မိတ္ထီလာတွင် ခေတ္တတည်းခိုသူ ငွေကျပ် ၃၈ သိန်းကျော် ဖိုး အခိုးခံရ

ပို့စ်တင်ချိန် - 4/21/2014 10:08:00 AM



မိတ္ထီလာ ဧပြီ ၂၀

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ် (၂) ရပ်ကွက် ဒေါ်တင်လှဝင်း (၅၅) နှစ်သည် ဧပြီ ၁၉ ရက်က လပွတ္တာမြို့မှ ပြန်လာပြီး သမီးဖြစ် သူ ဌေးဌေးလွင်၊ သမက် သန့်ဇင်ထွန်း၊ တူမတော်သူ မဥမ္မာဝင်းနှင့် တို့အတူ မိတ္ထီလာမြို့ပြည်သာယာ (၃)လမ်း သရဖီလမ်းနေ ခမည်း ခမက်တော်သူ ဒေါ်လှလှမြင့်အိမ်တွင်တည်းခိုကာ တစ်ည ဝင်အိပ်ခဲ့ သည်ဟု သိရသည်။

ဒေါ်တင်လှဝင်းသည် ညအိပ်ရာဝင်စဉ် ၎င်း၏ လက်ဝတ် လက်စားများကို လက်ဆွဲအိတ်ထဲထည့်ကာ ခေါင်းအုံးဘေးထား၍ ည ၁၂ နာရီအထိ ပူအိုက်၍ အိပ်မရသဖြင့် ပြတင်းပေါက်ဖွင့်၍ အိပ်ခဲ့သည်ဆို၏။ နံနက် ၆ နာရီအိပ်ရာမှ ထချိန်တွင် ၎င်းဘေးထားအိပ်ခဲ့သော လက်ဝတ်လက်စား အိတ်မှာ
ပျောက်ဆုံးသွားခဲ့သည်ဆိုသည်။

လက်ဝတ်လက်စားအိတ်ထဲတွင် ငွေကျပ်၃၀၀၀၀ တန် NOKIA ဟန်းဆက် တစ်လုံး၊ ငွေစက္ကူရောရာ ကျပ် ၁၁ သိန်း၊ငွေကျပ် ၁၆ သိန်း တန်ဖိုးရှိ နေကြာပုံပါ ရွှေဆွဲကြိုးနှစ်ကျပ်သား တစ်ကုံး၊ငွေကျပ် ၁၀ သိန်းတန်ဖိုးရှိ စက်ဖြတ်လက်ကောက်ပုံစံတူ ငါးကွင်း(တစ်ကျပ် ခွဲသား)၊ ငွေကျပ် တစ်သိန်းတန် ကျောက်စိမ်းလက်စွပ်တစ်ကွင်း စုစုပေါင်းတန်ဖိုးငွေကျပ် ၃၈၃၀၀၀၀ အခိုးခံရသဖြင့် ဒေါ်တင်လှဝင်းက တရားလိုပြုလုပ်၍အမှတ် (၃) ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar