ဘယ်လို အကြောင်းအရာတွေက ပညာရှိလို့ ခေါ်စေတာလဲ

ပို့စ်တင်ချိန် - 4/14/2014 09:29:00 AM


ပညာရှိဆိုတာ အကြောင်းမဲ့သက်သက်တော့ ပညာရှိလို့ အခေါ်ခံရသူ မဟုတ်ပါဘူး။ သူတို့ထံမှာ အခြားသူနဲ့ မတူ တမူထူးခြားတဲ့ စိတ်ကူးစိတ်သန်း၊ အတွေးအခေါ်နဲ့ လုပ်ကိုင်ချက်တွေ ရှိပါတယ်။ အဲဒီအချက်တွေက သူတို့ကို အများနဲ့ မတူ တမူထူးတဲ့ ပညာရှိလို့ မှတ်တွင်စေတဲ့ အရာတွေ ဖြစ်ကြပါတယ်။ ဒါဆို သူတို့မှာ ဘယ်လို အချက်တွေ ပိုင်ဆိုင်ကြသလဲ။ ဘာတွေ ထူးခြားသလဲ ဆိုတာ ကြည့်ကြည့်ရအောင်နော်။


များစွာသော အတွေ့အကြုံများရှိခြင်း

အသိပညာဟာ အသက်အရွယ်ပေါ်မူတည်ပြီး ရင့်သန်လာတယ်လို့ ပြောဆိုကြတဲ့ အကြောင်းရင်းကတော့ အသက်ကြီးသူတွေဟာ သူတို့ဖြတ်သန်းလာတဲ့ ဘ၀မှာ ကြုံဆုံလာရတဲ့ အတွေ့အကြုံတွေဟာ လူငယ်တွေထက် ပိုများပါတယ်။ ဒါကြောင့် အသက်ကြီးလာလေ ပညာဥာဏ် ရင့်သန်လာလေ ဖြစ်ပါတယ်။

အတွေ့အကြုံ ယူသူများ၊ ပညာယူသူများ ဖြစ်ခြင်း

အတွေ့အကြုံရှိယုံနဲ့ ပညာရှိဖြစ်ရောလို့ မဆိုလိုပါဘူး။ ပညာရှိသူတွေဟာ သူတို့ကြုံလာတဲ့ အတွေ့အကြုံတွေ၊ အမှားတွေကနေ သင်ခန်းစာယူလေ့ရှိပါတယ်။ အချို့ကတော့ ကြုံလာတဲ့ အတွေ့အကြုံကနေ သင်ယူလေ့မရှိခြင်းက ပညာရှိတို့နဲ့ ကွာခြားရတဲ့ အချက်ပါပဲ။

ထိုးထွင်းသိမြင် နိုင်ခြင်း

အခြားသူတွေက ဟုတ်တယ် မဟုတ်ဘူး ဆိုတဲ့ အပေါ်ယံ အဖြေနဲ့တင် ကျေနပ်ကြပေမယ့် သူတို့ကတော့ ဘာကြောင့် မှန်တယ် မှားတယ်ဆိုတာကို နက်နက်ရှိုင်းရှိုင်း ဆင်ခြင်တွေးခေါ်လေ့ရှိပါတယ်။ ယေဘုယျအားဖြင့် အများလက်ခံထားတဲ့ အကြောင်းအရာထက် ပိုပြီး တိတိကျကျ လေ့လာတွေးတောကြလေ့ရှိပါတယ်။

တရားထိုင်ခြင်း

ကိုယ်ဘာလုပ်တယ်၊ ဘာကိုင်တယ်၊ ဘာကို ဦးတည်ချက်ထားတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိနိုင်ပြီး စိတ်တည်ငြိမ်ဖို့ လိုအပ်ပါတယ်။ ဒီလို စိတ်တည်ငြိမ်မှသာ မိမိလုပ်ဆောင်နေတဲ့ အလုပ်ကို အာရုံစိုက် လုပ်ကိုင်မှာသာ ဖြစ်ပါတယ်။ ဒီအချက်ကို ကောင်းကောင်းသိတဲ့ ပညာရှိတို့ကတော့ တရားထိုင်ခြင်းကို မွေ့လျော်ကြပါတယ်။

အခက်အခဲကနေ ရှင်သန်အောင်မြင်ခြင်း

သူတို့ဟာလည်း အရာရာကို အဆင်သင့် လွယ်လွယ်ကူကူ ရရှိခဲ့တာ မဟုတ်ပါဘူး။ ရှင်သန်ကျင်လည်ရာ ဘ၀တလျှောက်မှာ ဒုက္ခတွေ ခံစားခဲ့ကြသူများ ဖြစ်ပါတယ်။ ကွာခြားချက်ကတော့ ကြုံလာတဲ့ ဒုက္ခတွေကို ခါးဆီးခံခြင်း ဘယ်လို လွတ်မြောက်အောင် လုပ်ရမယ်ဆိုတဲ့ အတွေးအခေါ် ဥာဏ်ပညာရှိခြင်းနဲ့ မယိုင်မလဲတဲ့ စိတ်ခွန်အား ရှိခြင်းတို့ပဲ ဖြစ်ပါတယ်။

အပြည့်အ၀ ရပ်တည်အားပေးသူများ ရှိခြင်း

သူတို့ဟာ ဆက်ဆံရေး ကောင်းမွန်သူများ ဖြစ်ပြီး သူတို့ဘက်က ရပ်တည်ထောက်ခံ အားပေးမယ့် သူများရှိကြပါတယ်။ မိဘဆွေမျိုးနဲ့ အသိုင်းအ၀ိုင်း ၀န်းကျင်မှာ ဖြစ်ဖြစ်၊ အပေါင်းအသင်းထဲမှာ ဖြစ်ဖြစ် သူတို့အတွက် အားပေး ကူညီနိုင်မယ့်သူတွေ သူတို့မှာ ရှိခြင်းက အများနဲ့ မတူတဲ့ အရည်အချင်းတစ်ခုလို့ ပြောနိုင်ပါတယ်။

သည်းခံနိုင်စွမ်း ရှိခြင်း

ပညာရှိတို့အမျက်ထွက်တာ မြင်ရခဲတယ်လို့ ရှေးလူကြီး သူမတွေ ပြောစကားရှိပါတယ်။ သည်းခံနိုင်ခြင်း ဆိုတာ ပညာရှိခြင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ သည်းခံနိုင်စွမ်းရှိခြင်းဖြင့် အရာရာကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခြင်းက ပညာရှိတို့ရဲ့ လေးစားစရာ အချက် ဖြစ်ပါတယ်။

world-myanmar.com