ယူနတီအမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့၏ ငါးကြိမ်မြောက်ရုံးချိန်း၌ ဒေသခံတရားလိုသက်သေက တားမြစ်ဆိုင်းဘုတ်မရှိကြောင်း ထွက်ဆိုပြီး စက်ရုံတည်ဆောက်ရေးလုပ်သားသက်သေက စက်ရုံရှေ့တွင် ဓာတ်ပုံမရိုက်ရဆိုင်းဘုတ် စိုက်ထူထားကြောင်း ထွက်ဆို

ပို့စ်တင်ချိန် - 4/01/2014 01:04:00 PM


(မတ် ၃၁ ရက် ငါးကြိမ်မြောက်ရုံးချိန်းတွင် ယူနတီဂျာနယ်မှ သတင်းထောက်အချို့အား တွေ့ရစဉ်)

မတ် ၃၁ ရက်က ပခုက္ကူခရိုင်တရားရုံးတွင် ပြုလုပ်သော ယူနတီအမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အမှု ငါးကြိမ်မြောက်ရုံးချိန်း၌ ဒေသခံတရားလိုပြသက်သေက ယူနတီသတင်းထောက်များ က.ပ.စ ၂၄ စက်ရုံနယ်မြေများသို့ ဓာတ်ပုံလာရောက်ရိုက်ကူးသည့် နေရာများတွင် မည်သည့် တားမြစ်ဆိုင်းဘုတ်များ စိုက်ထူထားခြင်း မရှိကြောင်းနှင့် ၎င်းတို့၏ လယ်မြေအသိမ်းခံရမှုများအား ထွက်ဆိုခဲ့ပြီး စက်ရုံတည်ဆောက်ရေး အုတ်သယ်လုပ်သားတရားလိုသက်သေ အမျိုးသမီးက စက်ရုံရှေ့တွင် 'ကင်မရာ၊ လက်ကိုင်ဖုန်းမယူရ'၊ 'ဓာတ်ပုံမရိုက်ရ' ဆိုင်းဘုတ်များ ယခုနှစ်ဆန်းပိုင်းမှ စတင်စိုက်ထူထားကြောင်း ထွက်ဆိုခဲ့သည်။

လိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုသည့် ပေါက်မြို့နယ် လေးပင်အိုင့်ကျေးရွာမှ ဒေသခံ လိုပြသက်သေ ကိုထွန်းအောင်ကျော်အား ယူနတီအမှုဆောင်အရာရှိချုပ် ရှေ့နေကမေးမြန်းရာ သတင်းထောက်များကို ခေါ်ဆောင်သွားသည့်နေရာများ၌ 'ဓာတ်ပုံမရိုက်ရ၊ အခွင့်မရှိ မည်သူမျှ မဖြတ်သန်းရ၊ တွေ့ရှိက အရေးယူခြင်းခံရမည်' အစရှိသော မြန်မာဘာသာဖြင့် ရေးသားထားသော ဆိုင်းဘုတ်များကို မဖတ်ဖူး၊ မတွေ့ဖူးကြောင်း၊ လမ်းပြခဲ့သည့်နေရာများတွင် လူများသွားမရအောင် ကာရံထားသော အုတ်တံတိုင်း၊ သံဆူးကြိုးတန်းများ မရှိကြောင်း၊ သတင်းထောက်များကို လမ်းပြပေးသဖြင့် ကျွန်တော့်အား ဖမ်းဆီးအရေးယူခြင်းမရှိဘဲ သက်သေအဖြစ် ထွက်ဆိုခိုင်းခြင်းဖြစ်ပါကြောင်း၊ တရားလိုသက်သေရယ် ဘာရယ်မသိပါ၊ ရဲများခေါ်လို့သာ ထွက်ဆိုပေးခြင်းဖြစ်ကြောင်း၊ ဘိုးစဉ်ဘောင်ဆက်နေထိုင်သော ရွာမြေများ အသိမ်းခံရသည်ဟု ထွက်ဆိုခဲ့ပြီး မြေသိမ်းဥပဒေအရ သိမ်းယူသည့် ကြော်ငြာစာ၊ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးဥပဒေအရ သိမ်းယူမည်ဆိုသည့် တရားဝင်စာရွက်စာတမ်းများ ရွာမြေအသိမ်းခံရသူ ဦးထွန်းအောင်ကျော်ထံ 'တရားဝင် အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းရှိပါသလား' ဟုမေးရာ ထိုသို့ တရားဝင် မည်သည့်စာရွက်စာတမ်းမျှ အကြောင်းကြားခြင်းမရှိပါ၊ တာဝန်ရှိသူများက ရွာသားများအား စက်ရုံမှူး ဦးမိုးကျော်ဆိုသူမှာ ရွာလူကြီးများထံတွင် အ၀င်အထွက်ရှိပြီး ရွာမှာ စက်ရုံနှင့်နီး၍ ရွှေ့ရင်ရွှေ့မရွှေ့ရင် ဘူဒိုဇာနှင့် ထိုးပစ်မည်ဟု တစ်ရွာလုံးသိအောင်ပြောဆိုပြီး လယ်ယာမြေများနှင့် ရွာမြေများ အသိမ်းခံခဲ့ရကြောင်း၊ ထို့နောက် ရွာရွှေ့ခဲ့ရာတွင် မျှားပိုင်းဘုန်းတော်ကြီးကျောင်းသို့ ကျွန်တော့်ဖခင်နှင့် ရွာသားများကို ခေါ်ယူပြီး လုပ်ကွက်တစ်ကွက်လျှင် ၅၀၀၀ ကျပ်ပေးသွားကြောင်း၊ အချင်းဖြစ် ယူနတီဂျာနယ် ၂၅.၁.၂၀၁၄ ရက်နေ့ထုတ် ဆောင်းပါးကို အခြေခံ၍ အမှုဖွင့်ထားတာကို ဘာရယ်ညာရယ် မသိပါ။ ကျွန်တော် ခုရုံးတော်ရှေ့သို့ ရောက်လာသည်မှာ ပေါက်မြို့နယ်ရဲက လွန်ခဲ့သည့် တစ်ပတ်ခန့်က စာပေးပြီး ၃၁ ရက်တွင် ကျွန်တော်နှင့် အမျိုးသမီးနှစ်ဦး အစစ်ခံရမည်ဟုပြောပြီး သတင်းတပ်ဖွဲ့မှ ကျွန်တော်နှင့် အမျိုးသမီးနှစ်ဦးတို့အား နေရေးထိုင်ရေးစီစဉ်ပေးသဖြင့် လာရောက် အစစ်ခံခြင်းဖြစ်ကြောင်း၊ တပ်နယ်မြေဟု သတ်မှတ်ထားသော နေရာများတွင် မျှားပိုင်း၊ ထန်းပင်ချောင်း၊ ခင်အေး၊ အုန်းပင်ကျေးရွာများ ရှိကြောင်း၊ ဓာတ်ပုံရိုက်ရန် တောင်ထိပ်သို့သွားရာတွင် မိမိအားလမ်းခုလတ်မှ စောင့်ခိုင်းသောကြောင့် မည်သူရိုက်သည်ကို မသိကြောင်း၊ လယ်အသိမ်းမခံရမီ စိုက်ပျိုးရေးလုပ်ကိုင်ပြီး လယ်သိမ်းခံရပြီးနောက် ကျပန်းလုပ်ကိုင်နေရကြောင်း ထွက်ဆိုခဲ့သည်။

က.ပ.စ ၂၅ တည်ဆောက်ရေး အုတ်သယ်လုပ်သား တရားလိုသက်သေ မခင်မြင့်ကလည်း ရုံးတော်သို့ ၁၉.၁.၂၀၁၄ ရက်တွင် ကိုမင်းဦးမောင်းနှင်သော အုတ်သယ်ကားဖြင့် စက်ရုံအတွင်း အုတ်ချရန် အုတ်သယ်သွားပြီး ကားအား စက်ရုံသို့မောင်းလာရာ ယန္တရားဆောင်ရှေ့အရောက်တွင် ယာဉ်မောင်းညီမဖြစ်သူက အစ်ကိုဖြစ်သူအား သူစိမ်းအမျိုးသားနှစ်ဦးအား ကားပေါ်တင်ခေါ်သွားရန်ပြောရာ အစ်ကိုဖြစ်သူမှ ကားဖြင့်ခေါ်လာခဲ့ကြောင်း၊ စက်ရုံတွင်းဝင်သည့် မိန်းဂိတ်ရောက်သည့်အခါ အလုပ်သမားအားလုံး ကားပေါ်မှဆင်းကာ အစစ်ဆေးခံ၍ စက်ရုံတွင်းသို့ ၀င်ရောက်ရကြောင်း၊ ကားပေါ်ပါ သူစိမ်းနှစ်ဦးမှာလည်း လမ်းလျှောက်၍ မိန်းဂိတ်ကို ဖြတ်ကျော်ခဲ့ကြောင်း၊ အုတ်ချသည့်နေရာသို့ အဆိုပါအမျိုးသားနှစ်ဦးက လုပ်ငန်းများကို ကူညီလုပ်ကိုင်ခဲ့ကြောင်း၊ အုတ်ချပြီး ကားပြန်ထွက်လာရာတွင်လည်း အဆိုပါနှစ်ဦး ပါလာခဲ့ပြီး ၎င်းတို့ တက်လာသောနေရာတွင် ပြန်ဆင်းသွားကြောင်း၊ ရုံးတော်ရှေ့ရောက်ရှိနေသူ နှစ်ဦးထဲမှ ကိုသဲရာဇာဦးနှင့် ကိုစည်သူစိုးတို့ဖြစ်ကြောင်း ပြသခဲ့ပြီး ၎င်းတို့ထံလာရောက်စဉ် ကင်မရာနှင့် အခြားမည်သည့်အရာမျှ ကိုင်ဆောင်မထားကြောင်းနှင့် မိန်းဂိတ်တွင် က.ပ.စ ၂၄ မှ တပ်မတော်သားများ စောင့်ကြပ်လျက်ရှိကြောင်း ထွက်ဆိုခဲ့သည်။

ယခုနှစ် ဇန်န၀ါရီ ၂၃ ရက်ထုတ် ယူနတီသတင်းဂျာနယ် အတွဲ ၃၊ အမှတ် ၄ တွင် 'ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိကာချုပ်နှင့် တရုတ်ပညာရှင်တို့၏ ပေါက်မြို့နယ်အတွင်းရှိ လျှို့ဝှက်ဓာတုလက်နက်စက်ရုံ' နှင့် ၃၀ ရက်ထုတ် ယူနတီသတင်းဂျာနယ် အတွဲ ၃၊ အမှတ် ၅ တွင် 'က.ပ.စ ၂၄ ဓာတုလက်နက်စက်ရုံဟု စက်ရုံတာဝန်ခံငြင်းဆို ဒေသခံများက ဓာတုလက်နက်စက်ရုံဖြစ်ကြောင်း အခိုင်အမာပြောကြား' ဟူသော ခေါင်းစဉ်များဖြင့် သတင်းဆောင်းပါးဖော်ပြမှုကြောင့် ဇန်န၀ါရီ ၃၀ ရက်တွင် က.ပ.စ အမှတ် (၂၄) စီမံဌာနမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးက ပေါက်မြို့မရဲစခန်းတွင် တရားလိုပြု လုပ်တိုင်တန်းခဲ့သဖြင့် (ပ)၈။ ၂၀၁၄ မြန်မာနိုင်ငံလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁)(က)။ ၉ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group