ယခုနှစ် ဗိုလ်ချုပ်ဈေးသင်္ကြန် ယခင်နှစ်များလောက် မစည်ကား

ပို့စ်တင်ချိန် - 4/12/2014 11:14:00 PM



၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် ပြုလုပ်သည့် ဗိုလ်ချုပ်ဈေးသင်္ကြန်သည် ယခင်နှစ်များကထက် စည်းကားမှုနည်းပါးခဲ့ပြီး လာရောက်ရေကစားကြသူများလည်း အနည်းငယ်သာ ရှိခဲ့သည်။

နှစ်စဉ် သင်္ကြန်အကြိုနေ့ မတိုင်မီ ပြုလုပ်လေ့ရှိသည့် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဗိုလ်ချုပ်ဈေးသင်္ကြန်သည် လွန်ခဲ့သည့် သုံးနှစ်ဝန်းကျင်မှ စတင်ကာ တဖြည်းဖြည်းစည်ကားမှု လျော့နည်းလာခဲ့ပြီး ယခုနှစ်တွင် စည်းကားမှု အလွန်နည်းပါးလာသည်ဟု ဗိုလ်ချုပ်ဈေးဆိုင်ပိုင်ရှင်များက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဗိုလ်ချုပ်ဈေးသင်္ကြန်က လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဆိုရင် အရမ်းစည်းကားခဲ့ပါတယ်။ ဗိုလ်ချုပ်ဈေးလမ်းတစ်လျှောက် လာရောက်လည်ပတ်သူတွေနဲ့ တိုးလို့တောင်မပေါက်ခဲ့ပါဘူး။ အခု ဗိုလ်ချုပ်ဈေးသင်္ကြန် မစည်တော့တာ ၃ နှစ်လောက်ရှိပြီ။ ဒီနှစ်မှာ တော်တော်ဆိုးလာတယ်။ ဈေးသင်္ကြန်ကို လာလည်တဲ့လူ တော်တော်နည်းသွားတယ်” ဟု ဗိုလ်ချုပ်ဈေးတွင် နှစ်ပေါင်း ၂၀ ကျော်ကြာ ပန်းရောင်းချခဲ့သူ မရီရီမြင့်က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ဈေးသင်္ကြန် ဆိုသည်မှာ သင်္ကြန်မတိုင်မီ တစ်ရက်အလိုတွင် ဗိုလ်ချုပ်ဈေး၌ ဈေးရောင်းသည့် ဆိုင်ပိုင်ရှင်များ အချင်းချင်း ရေပက်ကစားရာမှ စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယခုနောက်ပိုင်းနှစ်များတွင် ဗိုလ်ချုပ်ဈေးဆိုင်ပိုင်ရှင် အများစုသည် ခရီးများထွက်ကြသဖြင့် ယခင်နှစ်များသကဲ့သို့ ကြီးကျယ်စွာ မဏ္ဍပ်များထိုး၍ ရေကစားမှုများ နည်းပါးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်ချုပ်ဈေးရှိ ကိုကိုညီညီ ဖိနပ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက “အရင်နှစ်တွေကဆို ပန့်လူငယ်တွေရော (Punk)၊ မာမီတွေရော အများကြီးလာကြတယ်။ ဒီနောက်ပိုင်းနှစ်တွေမှာတော့ သူတို့တွေလာတာ အတော်နည်းသွားတယ်။ ဒီနှစ်ဆိုရင် ဗိုလ်ချုပ်ဈေးက လမ်းတွေပေါ်မှာ ခြောက်ကပ်ပြီး ဗိုလ်ချုပ်ဈေးသင်္ကြန်ကို လာရောက်ပါဝင် ဆင်နွဲတဲ့သူ အတော်နည်းသွားပါတယ်” ဟု ပြောကြားခဲ့သည်။

သို့သော်လည်း ယခုနှစ် ဗိုလ်ချုပ်ဈေးသင်္ကြန်တွင် ဈေးဆိုင်အချို့မှ မုန်လုံးရေပေါ်ကျွေးခြင်းနှင့် စတုဒိသာကျွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

Eleven Media Group