ယူကရိန်း အရေးကြောင့် အာရှစတော့ဈေးကွက် ကျဆင်း

ပို့စ်တင်ချိန် - 4/21/2014 05:15:00 PM



ဧပြီ ၂၁။

ယူကရိန်း အရေး တင်းမာမှုများကြောင့် ရင်းနှီးမြှုပ်နှံသူများမှ သတိထားစောင့်ကြည့်နေကြပြီး အီစတာပွဲတော် အားလပ်ရက်အတွက် အချို့သော ဈေးကွက်များကိုလည်း ဆက်လက်ပိတ်ထားစဉ်တွင် အာရှစတော့ဈေးများ ကျဆင်းခဲ့သည်။

ဂျပန်ပြင်ပရှိ အာရှ-ပစိဖိတ်ဒေသအတွက် MSCI အညွှန်းကိန်းမှာ ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ယန်းငွေ တန်ဖိုး ကျဆင်းနေချိန်တွင် ဂျပန်၏ Nikkei စတော့ ပျမ်းမျှ အညွှန်းကိန်းမှာမူ ၀.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ လန်ဒန်၊ ပဲရစ်နှင့် ဖရန့်ဖွတ် စတော့ဈေးကွက် များမှာ အီစတာ အားလပ်ရက်အတွက် ပိတ်သိမ်းထားခဲ့သည်။

ယူကရိန်းအရေး တင်းမာမှု၊ တရုတ်စီးပွားရေး နှေးကွေးလာမှု လက္ခဏာများနှင့် အမေရိကန် ဗဟို ငွေကြေးရန်ပုံငွေ အဖွဲ့မှ အတိုးနှုန်းများကို ပြင်ဆင်ရန် မသေချာမှုများသည် ကမ္ဘာ့စီးပွားရေး ဈေးကွက်သို့ ယခု ရက်သတ္တပတ်များအတွင်း ရိုက်ခတ်လျက်ရှိသည်။

တရုတ် စည်းမျဉ်းစည်းကမ်း စောင့်ကြည့်မှု အဖွဲ့မှ အများပိုင် ဖွဲ့စည်းရန် စာရင်း တင်သွင်းထားသည့် ကုမ္ပဏီများ စာရင်းကို ထုတ်ပြန်မှုပြီးနောက်တွင် တရုတ် စတော့ဈေးများမှာလည်း ကျဆင်းလာလျက် ရှိသည်။

“  အသစ်ထပ်ပြီး ဝင်လာတဲ့ စတော့ရှယ်ယာတွေဟာ ရင်းနှီးမြှုပ်နှံမှု ငွေကြေးတွေရဲ့ တန်ဖိုးကို ကျဆင်းစေတယ်လို့ ဈေးကွက်ထဲက မြင်ကြတယ်။ ပြီးတော့ အဲ့ဒီ စာရင်းတင်သွင်းမှုတွေကလည်း ရုတ်တရက်ကြီး ဖြစ်ပေါ်လာတယ်ဆိုတော့ စတော့ဈေးတွေ နည်းနည်း ကျသွားတာပေါ့ ” ဟု ဇိုင်ယန်မြို့ အခြေစိုက် ကိုင်ယွမ် ဘဏ္ဍာရေးဆောင်ရွက်မှု အဖွဲ့၏ သုတေသန တာဝန်ခံ တီယန်ဝေဒေါင်မှ ပြောကြားခဲ့သည်။

စွမ်းအင်တင်သွင်းမှုကြောင့် အကြီးမားဆုံး ကုန်သွယ်ရေး လိုငွေပြမှုစာရင်းကို ဂျပန်မှ ထုတ်ပြန်ခဲ့ပြီးနောက်တွင် ဒေါ်လာတန်ဖိုးမှာ ယန်းငွေ တန်ဖိုးထက် ပိုမို မြင့်မားမှုကို နှစ်ပတ်အကြာထိ ရရှိလျက် ရှိသည်။ အမေရိကန် တစ်ဒေါ်လာတန်ဖိုးမှာ ယန်းငွေ ၁၀၂.၇၁ နှုန်း ဖြစ်ပေါ်လျက် ရှိသည်။

အမေရိကန် အစိုးရမှ ထုတ်ဝေသည့် ၁၀ နှစ်သက်တမ်းရှိ အစိုးရ စာချုပ်များမှ အမြတ်ငွေ ရရှိမှုန်းမှာ ၁၀ ရက်အတွင်း အမြင့်ဆုံးအဖြစ် ၂.၇၂၆ ရာခိုင်နှုန်းသို့ ရောက်ရှိနေသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း အမေရိကန်၊ ရုရှား ၊ ဥရောပ သမဂ္ဂနှင့် ယူကရိန်းမှ အကြမ်းဖက်မှုများကို ရပ်တန့်ရန် တောင်းဆိုခဲ့ချိန်တွင် ဈေးကွက်အတွင်း ခိုင်မာသော ငွေကြေးအဖြစ် သက်မှတ်ထားသည့် ဂျပန် ယန်းငွေ တန်ဖိုးမှာ ကျဆင်းခဲ့သည်။ ယူကရိန်းအရေး တင်းမာမှုမှာ ကာလတိုအတွင်း ယန်းငွေ တန်ဖိုးအပေါ် သက်ရောက်မှု ရှိနေမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံသူများမှ ခန့်မှန်းခဲ့ကြသည်။

Ref: Reuters
The Myanma Age